အငှားကလပ် ဖရန့်ဖတ်ဆီက တောင်းပန်မှုကို လက်ခံပြီး မန်ယူသို့ ပြန်လာဖွယ် ရှိနေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်
မန်ချက်စတာ ယူနိုက်တက် အပယ်ခံ ကစားသမား ဗန်ဒီဘိခ်ဟာ အငှားနဲ့ သွားကစားနေတဲ့အသင်းနည်းပြဆီကနေ တောင်းပန်စကားကို လက်ခံရရှိခဲ့ပြီးနောက် အသင်းကို ပြန်လာဖို့ ပြင်ဆင်နေပုံပေါ်တယ်လို့ သိရပါတယ်။
နယ်သာလန် ကွင်းလယ်လူဟာ အိုင်းယက်စ်ကို ၂၀၁၈-၂၀၁၉ ရာသီမှာ ချန်ပီယံလိဂ်ဆီမီးအထိ တက်ရောက် နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဥရောပမှာ အသင်းတိုင်းက လိုချင်တဲ့ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ၂၀၂၀ မှာ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နယ်သာလန်ကွင်းလယ်လူဟာ အိုးထရက်ဖို့ဒ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ခြင်းမရှိခဲ့ဘဲ လက်ရှိမှာတော့ ဒုတိယအကြိမ်မြောက် အငှားထွက်ကစားနေတာဖြစ်ပါတယ်။
ဖရန့်ဖတ်အသင်းဟာ ဗန်ဒီဘိခ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူထားတာဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့်လည်း ပါဝင်ပေမယ့် အပြီးသတ်ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ Bild က ဖော်ပြခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဘွန်ဒက်စ်လီဂါအသင်းအတွက် ၆ ပွဲ ပါဝင်ကစားပေးထားပြီး ယူရိုပါကွန်းဖရင့်လိဂ်ရှုံးထွက်အဆင့်အတွက် လူစာရင်းထဲကနေ လုံးဝ ချန်လှပ်ထားခဲ့ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ဗန်ဒီဘိခ်ကို ဥရောပပွဲကစားမယ့် လူစာရင်းကနေ ချန်လှပ်ထားခဲ့ပြီးနောက် ဖရန့်ဖတ်နည်းပြ ဒီနို တော့ပ်မိုလာက ဒတ်ချ်ကွင်းလယ်ကစားသမားကို တောင်းပန်စကား ပြောဆိုခဲ့တာဖြစ်ပါတယ်။
“သူက ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ၄ ပွဲပဲ ကစားခဲ့ရတယ်။ အဲဒီတော့ နေ့ချင်းညချင်းတော့ ပုံမှန်ကစားခွင့်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အရည်အသွေးအပေါ်မှာ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိပါတယ်။ သူက ရာသီဒုတိယပိုင်းမှာ ကျွန်တော်တို့ကို ကျိန်းသေပေါက် ကူညီပေးနိုင်ပါလိမ့်မယ်။
ကျွန်တော် သူ့ကို လူစာရင်းထဲကနေ ချန်လှပ်ခဲ့တဲ့အတွက် စိတ်မကောင်းတဲ့အကြောင်း ဒွန်နီကို ပြောခဲ့သလို သူ့ဆီကနေ အခု ဘာတွေမျှော်လင့်ထားလဲဆိုတာကိုလည်း ပြောခဲ့ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဗန်ဒီဘိခ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး အဲရစ် တန်ဟက်အနေနဲ့ ဒီနွေရာသီမှာ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းရဲ့ အနာဂတ်ကို ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်ပါတော့တယ်။