နည်းပြ ရာထူးအတွက် တန်ဟက်လား၊ လူသစ်လား ဆိုတာ လှေနံနှစ်ဖက်နင်းနေပြီ ဖြစ်တဲ့ မန်ယူအသင်း
မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိနည်းပြ တန်ဟက်ကို နောက်ရာသီ အသင်းမှာ ဆက်လက်ထားရှိဖို့ ပြင်ဆင်ထားသော်လည်း ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ နည်းပြအသစ်နဲ့ လျင်လျင်မြန်မြန်အစားထိုးနိုင်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်ကာ လှေနံနှစ်ဖက် နင်းနေပြီ ဖြစ်ပါတယ်။
ဖိအားတွေအောက်ရောက်နေတဲ့ တန်ဟက်ဟာ လွန်ခဲ့တဲ့အပတ်ကတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လီဗာပူးကို ၄-၃ နဲ့အနိုင်ယူပြီး ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ထိပ်တိုက်တွေ့ဆုံနေတဲ့ ဆီမီးဖိုင်နယ်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် အသင်းပိုင်ရှင်ဂျင်မ်ရက်ကလစ်ဖစ်အနေနဲ့ တန်ဟက်ရဲ့ ဒီလိုအပြုသဘောဆောင်တဲ့ စွမ်းဆောင်ချက်ကြောင့် အသင်းမှာဆက်လက်ထားရှိဖို့ စိတ်ကူးနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အာမက်ဒီယာလိုရဲ့နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဆိုပါပွဲစဉ်ကြောင့် တန်ဟက်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ လာမယ့်နွေရာသီအထိ ဆက်ရှိနေဖို့အလားအလာများနေတာ ဖြစ်ပါတယ်။ နွေရာသီမှာတော့ ဂျင်မ်ရက်ကလစ်ဖ်အနေနဲ့ ယူနိုက်တက်ကို ပြန်လည်တည်ဆောက်ဖို့ ပြုပြင်ပြောင်းလဲမှု အကြီးစားတွေကို ပြုလုပ်သွားဖွယ်ရှိနေပါတယ်။
အဆိုပါပြောင်းလဲမှုတွေထဲမှာ တန်ဟက်လည်းပါဝင်လာနိုင်ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီး ပရီးမီးယားလိဂ်ပြန်လည် စတင်ချိန်မှာ နယ်သာလန်သားအနေနဲ့ ရလဒ်တွေဆိုးဝါးပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့မယ်ဆိုရင်တော့ အပြီးသတ်ထုတ်ပယ်ခံရဖို့များနေပါတယ်။
လက်ရှိအချိန်မှာလည်း ယူနိုက်တက်ဟာ နယူးကာဆယ်အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်ကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေပြီး အမှုဆောင်အရာရှိချုပ်အသစ် အိုမာဘရာဒါနဲအတူ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်သွားတော့မှာဖြစ်ပါတယ်။
ဘရာဒါဟာ လာမယ့်နွေရာသီကနေစတင်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ စတင်အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ယူနိုက်တက်ဟာ အက်ရှ်ဝေါ့သ်ကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ သဘောတူညီမှုမရသေးသလို အက်ရှ်ဝေါ့သ်နဲ့လည်း ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ထားခြင်းမရှိသေးပါဘူး။
တန်ဟက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် လက်ရှိယူနိုက်တက်ရဲ့ ဆန်ခါတင်ပစ်မှတ်တွေထဲမှာ ဂရေဟမ်ပေါ်တာ၊ ဂါရတ်ဆောက်ဂိတ်၊ ရော်ဘတ်တိုဒီဇာဘီနဲ့ ဂျူလီယန်နာဂယ်စ်မန်းတို့ ပါဝင်နေပါတယ်။
သို့သော်လည်း ဒီလိုအစားထိုးမယ့် နည်းပြတွေကို အရန်သဘောသာ ပစ်မှတ်ထားတာကြောင့် တန်ဟက်အတွက် ကြီးကြီးမားမားဖိအားဖြစ်စေမှာမဟုတ်ဘူးလို့ သိရပါတယ်။
တန်ဟက်အနေနဲ့လည်း အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာမယ်ဆိုရင် ရွေးချယ်စရာအသင်းတွေ ရှိနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
မန်ယူအသင်းဟာ မတ်လ ၃၀ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေကာ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၉ မှတ်၊ အဆင့် ၅ နေရာက တော့တင်ဟမ်နဲ့ ၆ မှတ်အထိကွာဟနေပါတယ်။