ဆောက်ဂိတ်တင် မဟုတ်ဘဲ အင်္ဂလန် နည်းပြ တဖွဲ့လုံး ခေါ်ပစ်ဖို့ ကြံရွယ်နေတဲ့ မန်ယူ ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်

မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ်တို့ကတော့ လာမယ့်ဘောလုံးရာသီအတွက် အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ ပြင်ဆင်လို့ထားပြီး အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားသလို အင်္ဂလန် နည်းပြ တဖွဲ့လုံးကို အပါခေါ်ဖို့ ကြံရွယ်နေပါတယ်။

ယူနိုက်တက်အသင်းက ရာသီအကုန်မှာပဲ ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ INEOS အဖွဲ့က တန်ဟက် ကို ရာထူးက ထုတ်ပယ်ဖို့ စီစဉ်နေပါတယ်။

တန်ဟက် နေရာမှာ ဆောက်ဂိတ် အပါအဝင် ဒီဇာဘီ သောမတ်စ်ဖရန့်စ်တို့ကို ပစ်မှတ်ထားလျက် ရှိနေပြီး ဆောက်ဂိတ်ကိုတော့ အသင်းအတွက် အလိုအရှိဆုံး ဖြစ်နေပါတယ်။

ဒါကြောင့် ဆောက်ဂိတ်သာ ယူရိုအပြီး အင်္ဂလန်နဲ့ လက်တွဲဖြုတ်မယ်ဆိုရင် ဆောက်ဂိတ်နဲ့ သူရဲ့နည်းပြ တစ်ဖွဲ့လုံးကိုပါ မန်ယူ အသင်းဆီ ခေါ်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်။

နည်းပြ ဆောက်ဂိတ်အနေနဲ့ကတော့ အင်္ဂလန်အသင်းကိုသာ အာရုံစိုက်ထားလျက် ရှိနေတယ်လို့ ပြောဆိုထားပြီး ယူရို-၂၀၂၄ပြိုင်ပွဲမှာလည်း အင်္ဂလန်ကို ချန်ပီယံဖြစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးသွားဖို့သာ ပစ်မှတ်ထားနေတယ်လို့ ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဘက်ကတော့ တန်ဟက်ဂ်နေရာအတွက် ဆောက်ဂိတ်ကိုသာ အလိုရှိနေပြီး ယူရိုပြိုင်ပွဲအပြီးမှာ ဆောက်ဂိတ်နဲ့ အင်္ဂလန်တို့ရဲ့ အနာဂတ် အခြေအနေကိုလည်း စောင့်ကြည့်သွားဖို့လည်း ရှိနေပါတယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်မယ့်အစား တန်ဟက် ကိုပဲ ဆက်လက် တာဝန်ပေးစေချင်သလို တန်ဟက် နေရာမှာ မဖြစ်မနေ အစားထိုးမယ်ဆိုရင်တောင် ဆောက်ဂိတ်ထက် တခြားနည်းပြတွေကိုသာ ခန့်အပ်သွားစေချင်နေပါတယ်။