အင်္ဂလန်အသင်းက ပြန်လာပြီး လေ့ကျင့်ရေး မဆင်းနိုင်တဲ့ မိုင်နူး ဒီည ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ပါဝင်နိုင်မလား နည်းပြ တန်ဟက် အသိပေး

အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး ကိုဘီမိုင်နူးဟာ ယနေ့ည ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပါဝင်ဖို့ မသေမချာဖြစ်နေကြောင်း သိရပါတယ်။

၁၈နှစ်သားလေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အင်္ဂလန်အသင်းအတွက် နှစ်ပွဲပါဝင်ကစားပေခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ပွဲမှာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။

ဒါပေမယ့် ယခုအပတ်အစောပိုင်းမှာ မိုင်နူးတစ်ယောက် နေမကောင်းဖြစ်နေတာကြောင့် ကြာသပတေးနေ့က ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

သောကြာနေ့ကတော့ ကာရင်တန်လေ့ကျင့်ရေးကွင်းထံ လာရောက်သတင်းပို့ခဲ့ပေမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ထည့် ကစားမလားဆိုတာ နည်းပြတန်ဟတ်က ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။

တန်ဟတ်က “ကျွန်တော် မသိသေးပါဘူး။ သူ့ကို ထည့်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီနေ့တော့ သူ လေ့ကျင့်ရေးကွင်းကို လာခဲ့ပါတယ်။ အပြည့်အ၀ ပြန်မသက်သာသေးပေမယ့် ပွဲမတိုင်ခင် အချိန်တွေကျန်ပါသေးတယ်”လို့ ပြောခဲ့ပါတယ်။

မိုင်နူးဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် ၁၄ပွဲ ပါဝင်ကစားထားပြီး ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။