မန်ချက်စတာ ယူနိုက်တက် ကို စပါးရဲ့ ပြိုင်ဘက် အဖြစ် မြင်မထားတဲ့ နည်းပြ ပိုစတီကိုဂလူ
စပါးနည်းပြ ပိုစတီကိုဂလူ ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ချန်ပီယံလိဂ် ဝင်ခွင့် အတွက် သူတို့ ယှဉ်ရမယ့် ပြိုင်ဘက် အဖြစ် မရှုမြင်ထားဘူး ဖြစ်နေပါတယ်။
ကြားရက် ပရီးမီးယားလိဂ်ပွဲအတွက် စပါးအသင်းရဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က မန်ယူနဲ့ပတ်သက်ပြီး စပါးနည်းပြ ပိုစတီကိုဂလူကို အခုလိုမေးခွန်းမေးခဲ့တာပါ။

”မန်ယူက ခင်ဗျားတို့ရဲ့နောက် ၈ မှတ် အကွာမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သူတို့ကို ပြိုင်ဘက်လို့ မြင်လား”လို့ သတင်းထောက်က မေးခဲ့ပါတယ်။
အဲဒါနဲ့ သြစတြေးလျသားနည်းပြက သတင်းထောက် ပါးစပ်ပိတ်သွားအောင် အခုလိုပြန်ဖြေခဲ့တာပါ။
”ဒါဆို ကျွန်တော်တို့က မန်စီးတီးရဲ့ပြိုင်ဘက်လို့ ခင်ဗျားမြင်လား။ သူတို့ကလည်း ကျွန်တော်တို့ထက် ၈ မှတ်ပဲ များတာလေ”လို့ ပိုစတီကိုဂလူက အပြတ် ပြန်ဖြေပါတယ်။
စပါးနည်းပြက မန်ယူဟာ သူတို့ထက် နိမ့်တဲ့အသင်းလို့ ဆိုလိုလိုက်တာပါ။ စပါးနဲ့ မန်ယူဟာ ၈ မှတ်ကွာပေမယ့် လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၅၊ ၆ အထက်အောက်ဖြစ်နေကြပါတယ်။
သင်္ချာနည်းအရ မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေသေးပေမယ့် လက်တွေ့အရတော့ စပါးကသာ ပိုပြီးမျှော်မှန်းနိုင်တာပါ။
ဘာကြောင့်လဲဆို စပါးဟာ သူ့အထက်က ဗီလာနဲ့ ၃ မှတ်သာ ကွာတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်လန်ဒန် ကလပ်ဟာ ဗီလာထက်လည်း တစ်ပွဲလျော့နေတာပါ။