ဒီအပတ် စတန်းဖို့ဘရစ်ချ်မှာ ကန်မယ့် ချယ်ဆီး – မန်ချက်စတာ ယူနိုက်တက် ပွဲအတွက် ဆရာကြီး ပေါမာဆန် ဟောကိန်းထုတ်ချက်

ဒီကြားရက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် စတန်းဖို့ ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ပွဲကတော့ လာမယ့် သောကြာနေ့ နံနက် ၁း၄၅ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ချယ်ဆီး – မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဘရန့်ဖို့ဒ်နဲ့ ပွဲက ယူနိုက်တက် စွမ်းဆောင်ရည်က ဆိုရင် သိပ်ကို စိုးရိမ်စရာပဲ။ ဒီရာသီကုန်ရင်တော့ သူတို့ တစ်ခုခု ဆုံးဖြတ်လောက်ပါတယ်။ သူတို့က တန်ဟက်ကို ဆက်ပြီး အခွင့်အရေး ပေးမှာလား ? ကျွန်တော်တော့ သိပ်မပြောတတ်လှဘူး။

ဒီပွဲကို ခန့်မှန်းဖို့က အတော်ကြီး ခက်ခဲပါတယ်။ ဒီပွဲက big game လို့တောင် ပြောလို့ မရတော့ပါဘူး။ ဟုတ်တယ် မလား ? အရင်က ဆိုရင်တော့ ဒီလိုပွဲကို ပွဲကြီးပွဲကောင်း ဆိုပြီး ရင်ခုန်နေကြရမှ။ အခုကတော့ တစ်သင်းက ဘရန့်ဖို့ဒ် ဖိ ကစားတာ ခံလာရပြီး နောက်တစ်သင်းကလည်း ၁ဝ ယောက်နဲ့ ကစားတဲ့ ဘန်လေကိုတောင် မလွှမ်းမိုးနိုင်တဲ့ အသင်းပါ။

ဒီတော့ မန်နေဂျာ နှစ်ယောက် အားပြိုင်ပွဲပဲ ဖြစ်သွားမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီပွဲမှာ ဘယ်အသင်းကမှတော့ အရှုံးခံချင်မှာ မဟုတ်ဘူး။ တန်ဟက်ကလည်း ဒီပွဲ ရှုံးပြီးရင် နောက်အပတ် လီဗာပူးနဲ့ တွေ့မှာ ဖြစ်လို့ ရှုံးပွဲ ဆက်သွားနိုင်တယ်။ ဒါဆို ဖိအားတွေ အရမ်းများသွားမှာ။

ချယ်ဆီးက အိမ်ကွင်း အားသာချက် ရှိထားတယ်။ ဒါပေမယ့် သူတို့ကလည်း ပြိုင်ဘက်တွေကို သိပ် ဖိမကစားနိုင်လှဘူး။ သူတို့ ယူနိုက်တက်ကိုမှ မနိုင်ရင်လည်း အတော် စိုးရိမ်စရာကြီး ဖြစ်လာမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ချယ်ဆီးဖန်တွေက ဘရန့်ဖို့ဒ် ယူနိုက်တက်ကို ဘယ်လို လုပ်သွားတယ် မှတ်မိနေပြီးပြီ။ ဒီပွဲက လွယ်ကူတဲ့ ပွဲတော့ ဖြစ်မှာ မဟုတ်ဘူး။

ဒါပေမယ့် ချယ်ဆီးက ဒီပွဲ နိုင်သင့်ပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။