ဂနာချိုလို မြေတောင်မြှောက်ပေးဖို့ရာ လာလီဂါ ကြယ်ပွင့်တစ်ဦးကို ခေါ်ယူတော့မယ့် မန်ယူ

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ကြောင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် နွေဈေးကွက်မှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ လူငယ်ခံစစ်မှူး ဖာရီကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ခံစစ်ကြောင်းမှာ မာတီနက်ဇ် ၊ ဗာရန်း ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် စတဲ့ ဗဟိုခံစစ်မှူး ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် မာတီနက်ဇ်နဲ့ ဗာရန်းတို့က မကြာခဏ ဒဏ်ရာတွေ ရတတ်သလို မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ အနာဂတ်ကလည်း မရေရာသေးပါဘူး။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက လာမယ့် နွေဈေးကွက်မှာ အနည်းဆုံး ဗဟိုနောက်ခံလူ ၁ဦး ခေါ်ယူဖို့ စီစဉ်ထားပြီး ဥရောပ တလွှားမှာ ရှိတဲ့ တက်သစ်စ ဗဟိုခံစစ်မှူးတွေရဲ့ ခြေစွမ်းတွေကို လိုက်လံ အကဲခတ်နေပါတယ်။

အသက် ၁၉နှစ် အရွယ် ပူပူနွေးနွေး ဆီနီဂေါ လက်ရွေးစင် ဗဟိုနောက်ခံလူ ဖာရီက ၂၀၂၃ခုနှစ်မှာ ခရိုအေးရှားကလပ် ကူစတိုစီဂျာ ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၁.၅သန်းနဲ့ ပြောင်းရွှေ့လာသူခဲ့ကာ လူငယ်အသင်းမှာသာ အချိန်ကုန်နေရသူပါ။

ယူနိုက်တက်က ဘာစီလိုနာ အရန်အသင်းမှာပဲ ကစားခွင့် ရနေတဲ့ ဖာရီကို ခေါ်ယူပြီး ဂနာချိုလိုပဲ စီနီယာအဆင့်မှာ တောက်ပလာရေး ပျိုးထောင်ဖို့ စိတ်ဝင်စားနေပါတယ်။

ဖာရီက အရည်အသွေးမြင့် လူငယ် ဗဟိုခံစစ်မှူး ဖြစ်ပေမယ့် ဘာစီလိုနာမှာ နေရာရဖို့ ခက်ခဲနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ အမှန်တကယ် ကမ်းလှမ်းလာမယ် ဆိုရင် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။