ပရီးမီးယားလိဂ် သမ္ဘာရှိပြီးသား အရွယ်ကောင်း ခံစစ်မှုးကို ခေါ်ယူဖို့ မန်ယူအသင်း ပစ်မှတ် စာရင်းထဲ ထည့်သွင်း
မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူဖို့ စီစဉ်နေရာ ဝုလ်ဗ်ရဲ့ အသင်းခေါင်းဆောင်၊ ဗဟိုခံစစ်မှူး ကေးလ်မန်းကိုပါ ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ်၊ ဗာရန်း၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဂျွန်နီ အီဗန်စ်၊ ကမ်ဘွာလာ စတဲ့ ဗဟိုခံစစ်မှူး ၆ဦး အထိ ပိုင်ဆိုင်ထားပေမယ့် မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ အီဗန်စ်တို့က လာမယ့် နွေဈေးကွက်မှာ အသင်းကို စွန့်ခွာဖွယ် ရှိနေသလို ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ ကြံ့ခိုင်မှု အနေအထားကလည်း အားရစရာ မရှိ၊ လူငယ်ခံစစ်မှူး ကမ်ဘွာလာရဲ့ ခြေစွမ်းပိုင်းကိုလည်း ယုံကြည်လို့ မရသေးပါဘူး။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ အနည်းဆုံး ဗဟိုခံစစ်မှူး ၁ဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာ ယူနိုက်တက်က အဲဗာတန်ခံစစ်မှူး ဘရန့်တ်ဝိတ ၊ ဂျူဗင်တပ် ခံစစ်မှူး ဘရီမာ ၊ ဖူလ်ဟမ် ခံစစ်မှူး အဒါရာဘီအိုယောတို့ကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပါတယ်။
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ မန်ချက်စတာ ယူနိုက်တက်က ကေးလ်မန်းကို သူတို့ရဲ့ နွေရာသီ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပြီ လို့ သိရပါတယ်။
ယူနိုက်တက်ရဲ့ ကင်းထောက်တွေဟာ ဒီရာသီမှာ ကေးလ်မန်းရဲ့ ပွဲအတော်များများကို စောင့်ကြည့်ကာ ကေးလ်မန်းရဲ့ ခြေစွမ်းကို အကဲခတ် လေ့လာထားကာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ကေးလ်မန်းရဲ့ ခြေစွမ်းပိုင်းကို အတော်လေး သဘောကျနေကြကြောင်း သိရှိရပါတယ်။
အသက် ၂၆နှစ် အရွယ် အင်္ဂလန်ခံစစ်မှူး ကေးလ်မန်းက ဝုလ်ဗ်ရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ကေးလ်မန်းဟာ ယခုနှစ် ဘောလုံးရာသီမှာပဲ ဝုလ်ဗ်ရဲ့ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ် တာဝန်ပေးခံထားရသလို သူက ဒီရာသီမှာ ဝုလ်ဗ်အတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။
ဘယ်ခြေအားသန် ဗဟိုခံစစ်မှူး ဖြစ်သူ ကေးလ်မန်းက အရပ်အမောင်း မြင့်မားတာကြောင့် အမြင့်ဘော ရှင်းထုတ်မှုတွေမှာ အားသန်သလို ပြိုင်ဘက်တိုက်စစ်မှူးတွေကို လူကပ် ထိန်းချုပ် ကစားရာမှာ ထူးချွန်ပြီး သူက လိုအပ်ရင် ဘယ်နောက်ခံလူ နေရာမှာပါ ထွက်ကစားနိုင်စွမ်း ရှိပါတယ်။