ချယ်ဆီးကို ရှုံးချက်က နာတဲ့ အပြင် စံချိန်မှတ်တမ်းဆိုးတွေ တသီကြီး ပိုင်ဆိုင်သွားခဲ့တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်ဆီးကို ၄-၃ ဂိုးနဲ့ရှုံးတဲ့ပွဲမှာ စိတ်ပျက်စရာ ပရီးမီးယားလိဂ်စံချိန် မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ပြီး အခု ရှုံးပွဲကြောင့် နည်းပြ အဲရစ်တန်ဟက်အတွက် ဖိအားတွေ ပိုများလာပြီဖြစ်ပါတယ်။
ချယ်ဆီးအသင်းရဲ့ အဖွင့်ဂိုးကို ၃ မိနစ် ၃၈ စက္ကန့်မှာပဲ ဂယ်လက်ဂါက သွင်းယူခဲ့ပြီး ဂယ်လက်ဂါဟာ ၂၀၁၆ အောက်တိုဘာလတုန်းက စက္ကန့် ၃၀ နဲ့ ဂိုးသွင်းခဲ့သူ နာမည်ကျော်ကစားသမားဟောင်း ပတ်ဒရိုနောက်ပိုင်း ယူနိုက်တက်ဘက်ကို အမြန်ဆုံးဂိုးသွင်းနိုင်တဲ့ ချယ်ဆီးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၁၉ မိနစ်မှာ ပယ်နယ်တီကနေ ပါလ်မာက ဒုတိယဂိုး သွင်းခဲ့တာကြောင့် ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ ချယ်လ်ဆီးတို့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ပေမဲ့ ၃၄ မိနစ်မှာ ကိုင်စီဒိုရဲ့ အမှားကနေ ဂါနာချိုက ချေပဂိုး ပြန်သွင်းခဲ့သလို မကြာခင်မှာပဲ ဒါလော့တ် ကန်တင်ပေးလိုက်တာကို ဘရူနိုဖာနန်ဒက်စ်က ခေါင်းတိုက်ပြီးတော့ ဒုတိယချေပဂိုးသွင်းယူခဲ့ပါတယ်။
ချယ်ဆီးအသင်းကလည်း ၁၉၈၉ နိုဝင်ဘာ/ဒီဇင်ဘာလနောက်ပိုင်း ပြိုင်ပွဲစုံမှာ ၆ ပွဲဆက်တိုက် ၂ ဂိုးသွင်းပြီးမှ ၂ ဂိုးပြန်ပေးခဲ့ရတဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။
၆၇ မိနစ်မှာ အန်တိုနီက ဘယ်ခြေနဲ့ လှလှပပ ကန်တင်ပေးလိုက်တာကို ဂါနာချိုက ခေါင်းတိုက်ပြီး တတိယဂိုး သွင်းခဲ့တာကြောင့် ယူနိုက်တက်တို့ ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပေမဲ့ နာကျင်အချိန်ပိုအတွင်း မထင်မှတ်တဲ့အလှည့်အပြောင်းတွေ ဖြစ်ခဲ့ရပါတယ်။
မိနစ် ၁၀၀ မှာ ဒါလော့တ်ကြောင့် ချယ်လ်ဆီး ဒုတိယအကြိမ် ပယ်နယ်တီရခဲ့ပြီး ပါလ်မာက ကန်သွင်းခဲ့သလို ချက်ချင်းဆိုသလိုပဲ ထောင့်ကန်ဘောကနေ အန်ဇိုဖာနန်ဒက်စ် ခင်းပေးတာကို ပါလ်မာကပဲ ပယ်နယ်တီဧရိယာထိပ်က ကန်ခဲ့တာမှာ တွမ်မီနေးနဲ့ထိပြီးတော့ လမ်းကြောင်းပြောင်း ဂိုးဝင်သွားလို့ ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာ ယူနိုက်တက်ကို ၄-၃ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ၂၀၁၇ နိုဝင်ဘာလနောက်ပိုင်း ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
အခုပွဲမှာ ယူနိုက်တက်အသင်း ဂိုးပေါက်ကန်ချက် ၂၈ ကြိမ် အထိခွင့်ပြုပေးခဲ့ရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေကို ဂိုးပေါက် ကန်ချက်ခွင့်ပြုပေးရတဲ့ စုစုပေါင်း အကြိမ်အရေအတွက် ၅၀၀ အထိ ရှိလာပြီဖြစ်လို့ ဒါက ဆယ်စုနှစ် အတွင်း အဆိုးရွားဆုံး စွမ်းဆောင်ရည် မှတ်တမ်းပါပဲ။
ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲ ၃၀ ကစားအပြီးမှာ ယူနိုက်တက်တို့ ၁၂ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ၂၀၁၃-၁၄ ရာသီက တစ်ရာသီအတွင်း ရှုံးပွဲအများဆုံးစံချိန်နဲ့ တူညီသွားပြီဖြစ်သလို လီဗာပူးလ်နဲ့ပွဲမှာ ထပ်ရှုံးရင်တော့ စံချိန်သစ်တောင် တင်ဦးမှာပဲဖြစ်ပါတယ်။