မန်ယူအသင်း နိုင်ပွဲရမယ့် အခွင့်အရေးကို လွှင့်ပစ်ခဲ့တာ လို့ မချိတင်ကဲ ဆိုလာတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဒီနေ့မနက် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ယူနိုက်တက်က နိုင်ပွဲရနိုင်မယ့် အခွင့်အရေးကို မရယူဘဲ၊ လွှင့်ပစ်ခဲ့ကြောင်း ပြောလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အချိန်ပိုအထိ ၃-၂ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပယ်လ်မာရဲ့ နောက်ကျသွင်းဂိုးနှစ်ဂိုးကြောင့် ၄-၃ဂိုးနဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲချိန်နောက်ဆုံးမိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က ထောင့်ကန်ဘောကို မကန်တင်ဘဲ လူပေးခဲ့ရာမှာ ပယ်လ်မာရဲ့ ဂိုးထဲတိုက်ရိုက်ကန်ထည့်မှုက တိုမီနေးနဲ့ထိကာ ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ကလည်း ပထမပိုင်းအတွင်း ယူနိုက်တက်အသင်း သရေရလဒ်ရစေမယ့် ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က “ကျွန်တော်တို့ ကိုယ့်လက်ထဲမှာရှိနေတဲ့ နိုင်ပွဲကို လွှင့်ပစ်ခဲ့ပါတယ်။ အဲ့ဒါက စိတ်ပျက်စရာကောင်းပြီး ခံရခက်စေပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့မိနစ်အနည်းငယ်အတွင်း ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် သူတို့ အခွင့်အရေးနှစ်ကြိမ်ရတဲ့အချိန်မှာ ဂိုးနှစ်ဂိုးသွင်းယူသွားပါတယ်။

သူတို့ ဂိုးရသွားတဲ့ ထောင့်ကန်ဘောမှာဆိုရင် ကျွန်တော်တို့ ဒီထက်ပိုလျင်မြန်ခဲ့သင့်ပါတယ်။ သူတို့ ထောင့်ကန်ဘောရော၊ လက်ပစ်ဘောမှာပါ အမြန်ကစားတယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ပြီးခဲ့တဲ့ ပွဲမှာဆိုရင်လည်း ကျွန်တော်တို့ ကန်ချက်တွေအများကြီး ခွင့်ပြုခဲ့ရပါတယ်။

အဲ့ဒါက ဧရိယာထဲ ခံစစ်ကစားပုံနဲ့ဆိုင်ပါတယ်။ တနင်္ဂနွေညမှာဆိုရင် လီဗာပူးနဲ့ ပွဲကြီးပွဲကောင်းရှိပါသေးတယ်။ ကျွန်တော်တို့ အဲ့ဒီအကြောင်း အသင်းဖော်တွေကို ပြောပြနေဖို့မလိုပါဘူး။ ဒီအသင်းက အသင်းကြီးတစ်သင်းဖြစ်တာကြောင့် ပြဿနာရှိမှပဲ ကျွန်တော်က ဝင်ပြောဖို့လိုအပ်တာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။