လီဗာပူးနဲ့ ပွဲမှာ အမှားတွေကြောင့် မန်ချက်စတာ ယူနိုက်တက် အနိုင် ၃ မှတ်ပြည့် မရတာကို စိတ်ပျက်ကြောင်း တန်ဟက် ပြောစကား

မန်ယူ နည်းပြ တန်ဟက်ကတော့ မနေ့ညက လီဗာပူးနဲ့ ပွဲမှာ သူ့ ကစားသမားတွေရဲ့ တစ်ဦးချင်း အမှားတွေကြောင့် အနိုင်(၃)မှတ်ကနေ ရမှတ်ဆုံးရတာ စိတ်ပျက်မိတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရင်း ဧည့်သည် လီဗာပူးလ်က ပထမပိုင်းမှာ ဒီယက်ဇ်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာပဲ အိမ်ရှင် ယူနိုက်တက် ဖာနန်ဒက်စ် မိန်းနူးတို့ရဲ့ ဂိုးတွေနဲ့ ပြန်ဦးဆောင်ခဲ့ရင်း ဘစ်ဆာခါကြောင့် လီဗာပူးလ်က ပင်နယ်တီကန်ခွင့် ရရှိခဲ့ကာ (၂)ဂိုးစီ သရေကျခဲ့ရပါတယ်။

ပထမပိုင်း ပွဲချိန်မှာ ယူနိုက်တက်က ဂိုးကန်ချက်တွေ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ဘာဆို ဘာမှမလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပုံစံကောင်း ပြသလာရင်း ပွဲကို ဦးဆောင်လာနိုင်ခဲ့ပေမယ့် အနိုင်ရလဒ်ကို ထိန်းမထားနိုင်ခဲ့ပဲ ပင်နယ်တီကနေ ချေပဂိုးပြန်ပေးရင်းနဲ့ သရေကျသွားခဲ့ပါတယ်။

ဒီပွဲရလဒ်နဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက် က “စိတ်ခံစားချက်တွေက ရောထွေးနေရတယ်။ တစ်ခုက တစ်ပတ်အတွင်းမှာ အနိုင် ရနေတဲ့ အနေအထားတွေကနေမှ (၇)မှတ်အထိ ရမှတ်တွေ ဆုံးရှုံးခဲ့ရတာကို အရမ်း စိတ်ပျက်မိရတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အမှားတွေ လုပ်မိတာဖြစ်လို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရပါမယ်။”

“ကျွန်တော်တို့ ခွင့်ပြုလိုက်ရတဲ့ ဂိုး(၂)ဂိုးလုံးမှာ အမှားတွေ လုပ်ဆောင်မိခဲ့ပါတယ်။ အနိုင်ရနေတဲ့ အနေအထားကနေလည်း ကျွန်တော်တို့ (၂)မှတ် ဆုံးရှုံးခဲ့ရတယ်။ ပင်နယ်တီ ပြစ်ဒဏ်ကတော့ သတ်မှတ်ပေးရမှာပါ။”

“ကြာသပတေးနေ့ကတော့ ပင်နယ်တီနဲ့ ပတ်သက်ပြီး အရမ်းကို ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော် မြင်ခဲ့ရပါတယ်။ ဒါပေမယ့် အခု ပင်နယ်တီကတော့ ဒါနဲ့ ပတ်သက်ပြီး ဘာမှကို မပြောနိုင်ပါဘူး။ ဒါဟာ ပင်နယ်တီပါပဲ။” လို့ တန်ဟက် က ပြောဆိုသွားခဲ့ပါတယ်။