မန်ချက်စတာ ယူနိုက်တက်ကို အာဆင်နယ်နဲ့ပွဲကျ တွေ့လိမ့်မယ်လို့ ရန်တိုက်ပေးသွားတဲ့ ကလော့ပ်

လီဗာပူး အသင်း နည်းပြ ကလော့ပ်က မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်လတွေမှာ တိုးတက်လာမှု မရှိဘူးဆိုရင် အာဆင်နယ်ကို ဒုက္ခပေးနိုင်မှာ မဟုတ်ဘဲ ရှုံးနိမ့်လိမ့်မယ်လို့ သူတို့နဲ့ သရေပွဲ အပြီးမှာ ပြောဆိုလာခဲ့ပါတယ်။

မနေ့ညက အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၂-၂ သရေကျခဲ့တာကြောင့် လီဗာပူးအသင်းဟာ ဇယားထိပ်ကနေ ဆင်းခဲ့ရပြီဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးကန်သွင်းချက် ၂၈ ကြိမ်တောင် ရှိခဲ့ပေမယ့် အခွင့်အရေးတွေ အများကြီးကို ဖြုန်းတီးခဲ့ပါတယ်။

လီဗာပူးအသင်းမှာ လိုအပ်ချက်ရှိတယ်လို့ ဝန်ခံခဲ့တဲ့ ကလော့ပ်ဟာ ယူနိုက်တက်နဲ့ ပတ်သက်လို့ စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။ ဒီပွဲဟာ အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ရင်ဆိုင်ကစားတဲ့ ကလော့ပ်ရဲ့ နောက်ဆုံးပွဲဖြစ်ပါတယ်။

ကလော့ပ်က ” ကျနော်တို့ ဆုဖလားအောင်မြင်နိုင်ခြေ ရှိနေသေးတာက ကောင်းပါတယ်။ အောင်မြင်နိုင်ခြေလေး ရှိသေးတယ်ပေါ့ဗျာ။

ဒါပေမယ့် အာဆင်နယ်က အသင်းကောင်းပါ။ ယူနိုက်တက်က ကျနော်တို့ကို ရင်ဆိုင်သလိုမျိုး အာဆင်နယ်ကို သွားကစားရင် ရှုံးမှာပါပဲ။ ဒါ ၁၀၀% သေချာပါတယ်။

ဒီလိုပြောရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒါက လက်တွေ့ကျတဲ့ ကိစ္စပါ။ အက်ဖ်အေဖလားမှာကော ဒီပွဲမှာပါ ယူနိုက်တက်ကို ကျနော်တို့ မနိုင်ခဲ့တာဟာ ကိုယ့်အမှားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကြားရက်မှာတော့ ဥရောပပွဲတွေ ကစားကြမှာဖြစ်ကာ သီတင်းပတ် အကုန်မှာ ပရီးမီးယားလိဂ်ပွဲကောင်းတွေ ဆက်ရှိနေမှာ ဖြစ်ပါတယ်။