လီဗာပူးနဲ့ ပွဲမှာ မန်ယူ ဂိုးသမား အိုနာနာ က သူ့လက်အိတ်ကို ဘာလို့ ဗာဆယ်လင်းတွေ သုတ်လိမ်းနေခဲ့ရသလဲ
ပရီးမီးယားလိဂ်ဂိုးသမားဟောင်းကြီး တစ်ဦးက မန်ယူ ဂိုးသမား အိုနာနာ အနေနဲ့ တနင်္ဂနွေနေ့က လီဗာပူးလ်နဲ့ သရေကျခဲ့တဲ့ပွဲမှာ လက်အိတ်ကို ဗာဆယ်လင်းလူးခဲ့တာ ဘာကြောင့်လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်၊ အက်စတန် ဗီလာ၊ ချဲလ်ဆီးတို့အတွက်ကစားပေးခဲ့တဲ့ မာ့ခ် ဘော့စ်နစ်ချ်က အခုလို ရှင်းပြပေးခဲ့တာပါ။

“သူက ပထမပိုင်းမှာ အရမ်းကောင်းမွန်ခဲ့ပါတယ်။ သူ့လက်စွမ်းက အနိမ့်အမြင့်၊ အတက်အကျ ရှိခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သံသယရှိစရာ မရှိပါဘူး။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နေတဲ့အရာက လက်အိတ်ပေါ်မှာ ဗာဆယ်လင်း လူးတဲ့ကိစ္စပါ။ သူ့အတွက် ကံကောင်းတာက သူက အရမ်းကောင်းမွန်နေခဲ့တာပါ။
ဘာလို့လဲဆိုတော့ ဂိုးကန်သွင်းချက် တစ်လုံးလောက်သာ ချော်သွားခဲ့ရင် တစ်ကမ္ဘာလုံးမှာ ဟာသလုပ်စရာတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာပါ။ ကျွန်တော် တွေးလို့ရတာ တစ်ခုက သူ့ရဲ့ ဘောလုံးဆုပ်ကိုင်နိုင်စွမ်းကို အကူအညီဖြစ်နိုင်တယ်။ ဂိုးသမား အများစုက သူတို့ လက်အိတ်ကို တစ်ခါတလေ နည်းနည်း စိုစိုစွတ်စွတ်ဖြစ်စေချင်မှာပါ။
ဘာလို့လဲဆိုတော့ ရာဘာအပေါ်မှာ စိုစွတ်မှုရှိနေမှ ဆုပ်ကိုင်နိုင်စွမ်းက ရှိမှာလို့ ထင်ပါတယ်။ စိုစွတ်မှုရှိနေမှ ကပ်စေးမှုရှိနေတာကို လက်က နည်းနည်း ခံစားနိုင်မှာပါ။ ဒါပေမယ့် အဲဒါကို မေးဖို့ အကောင်းဆုံးလူတွေက ဂိုးသမားတွေဆိုတာ သိသာပါတယ်။
ဒီလိုဘာလို့လုပ်လဲ ကျွန်တော် တွေးနိုင်တဲ့ တစ်ခုတည်းသောအရာက သူ့အနေနဲ့ ဆုပ်ကိုင်နိုင်စွမ်းကို ပိုပြီး သက်တောင့်သက်သာရှိတယ်လို့ ခံစားရချင်လို့ ဖြစ်နိုင်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။