မန်ချက်စတာ ယူနိုက်တက် ကြောင့် ည၊ ည အိပ်မပျော်နိုင်လောက်အောင် အဖြစ်ဆိုးနေတဲ့ ကက်စ်မဲရိုး

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးက သူဟာ အမြဲတမ်း ဆုဖလားတွေ အတွက် တိုက်ပွဲဝင်ဖို့သာ စဉ်းစားထားတာမို့လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရပ်တည်မှု မကောင်းတာကြောင့် အိပ်မပျော်တဲ့ ညတွေတောင် ရှိနေကြောင်း နောက်ဆုံ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မဆိုနဲ့၊ ချန်ပီယံလိဂ်ဝင်ခွင့် အတွက်တောင် မျှော်လင့်ချက် မရှိတော့ သလောက်ပါ။

နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာလည်း ယူနိုက်တက်တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။

အဲ့ဒီပွဲအပြီးမှာ ကက်စ်မဲရိုးတစ်ယောက် ဥမင်လိုဏ်ခေါင်းထဲ တန်းဝင်သွားခဲ့ပြီး ပွဲရလဒ်နဲ့ ပတ်သက်လို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။

ကက်စ်မဲရိုးက “တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော့်ကို အဓိက စိတ်အနှောင့်အယှက်ပေးနေတာက ချန်ပီယံဆုတွေအတွက် တိုက်ပွဲမဝင်ရဘူးဆိုတဲ့အချက်ပါပဲ။ ပထမနေရာနဲ့ အမှတ် (၂၀) လောက်ပြတ်နေပါတယ်။ တစ်ခါတလေကျရင် ကွဲပြားခြားနားတဲ့ အရာတစ်ခုခုကို လုပ်ပြဖို့အတွက် စဉ်းစားရင်းနဲ့ပဲ အိပ်လို့တောင် မပျော်ပါဘူး”

“ကျွန်တော်တို့မှာ အမှတ်ပေးချန်ပီယံဆုအတွက် ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် စဉ်းစားဖို့တောင် မရှိပါဘူး။ စဉ်းစားစရာဆိုလို့ ဒီနေ့ကစားမယ့်ပွဲအတွက်ပဲဆိုတာမျိုး ဖြစ်နေပါတယ်။ ကျွန်တော်တို့ တစ်ရက်ချင်းကိုပဲ စဉ်းစားဖို့ လိုအပ်ပါတော့တယ်။ နောက်ဆုံးပွဲအနည်းငယ်မှာ (၉) မှတ် ရဖို့ အခွင့်အရေးရှိခဲ့ပါတယ်”

“နှစ်ဂိုးလည်း သွင်းနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အခုတော့ တစ်ပွဲချင်းစီကိုပဲ စဉ်းစားပြီး နောက်တစ်ပွဲဖြစ်တဲ့ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက်ပဲ အာရုံစိုက်ရပါတော့မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။