မိုင်နူး က ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့်ကြီးနဲ့ တူချက်ပဲ ဆိုပြီး ခိုင်းနှိုင်း ချီးကျူးတဲ့ ဗီဒစ်စ်

မန်ယူအသင်းနောက်ခံလူဟောင်း ဗီဒစ်ကတော့ လက်ရှိ အသင်းမှာ ခြေစွမ်းပြသနေတဲ့ ကွင်းလယ် ကစားသမားလေး ကိုဘီ မိုင်နူး ဟာ ရီးရဲလ် ကွင်းလယ်ကစားသမား မိုဒရစ်နဲ့ ဆင်တူမှုရှိကြောင်း နှိုင်းယှဉ်ပြောဆိုသွားခဲ့ပါတယ်။

အသက် ၁၈ အရွယ်ရှိ သရဲနီ ကွင်းလယ်ကစားသမားလေး မိုင်နူး ဟာ မန်ယူအသင်းမှာ သာမက အင်္ဂလန် လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခြင်း ခံခဲ့ရသူ တစ်ယောက်ဖြစ်ပြီး လီဗာပူးလ်နဲ့ သရေကျခဲ့တဲ့ပွဲမှာလည်း အိုးထရတ်ဖို့ဒ်ကွင်းအတွင်း ပထမဆုံး စီနီယာ ကစားသမားဘဝ သွင်းဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဗီဒစ်က “ မိုင်နူး က တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ၊ သူ့ကို ကြည့်ရတာ မိုဒရစ် ကို ပြန်လည် မြင်ယောင်လာစေပါတယ်၊ သူက သူ့ရဲ့နောက်မှာ ဘယ်သူရှိနေသလဲဆိုတာကို သိရှိခံစားနိုင်သူ တစ်ယောက်ပါ၊ သူ့ရဲ့ ပထမ ထိချက်အပြီး ဘောလုံးကို ဘယ်လို သယ်ဆောင်သွားသလဲဆိုတာကိုလည်း ခင်ဗျားတို့ မြင်တွေ့နိုင်ကြပါတယ်။

ပြီးခဲ့တဲ့ ဖောရက်စ်နဲ့ ပွဲမှာကတည်းက ကျွန်တော် သူ့ကို စောင့်ကြည့်နေခဲ့မိတာပါ၊ လီဗာပူးလ်နဲ့ ပွဲတုန်းကဆိုရင်လည်း သူ ဘောလုံးရတာနဲ့ တစ်ပြိုင်နက် လီဗာပူးလ် ခံစစ်ဇုန် ကို တိုက်ရိုက် ဒုက္ခပေးတော့တာပါပဲ၊ သူ့ရဲ့ ပထမထိချက်က တကယ်ကြောက်ဖို့ ကောင်းပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မိုင်နူး ဟာ ကွင်းလယ်ကစားသမား တစ်ယောက် ဖြစ်ပေမယ့် ဘောလုံးကိုင် ကစားတဲ့ ပုံစံမျိုးနဲ့ အသားကျခြင်း မရှိပဲ ဘောလုံးရတာနဲ့ တစ်ပြိုင်နက် ပြိုင်ဘက်ခံစစ်ဇုန်ထဲ တိုးဝင်ပြီး ကိုယ်တိုင် ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားနေတာကြောင့် မန်ယူတို့ မိုင်နူး ဆီက သွင်းဂိုးတွေ မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။