မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒဏ်ရာ ပြဿနာတွေထဲမှာ ထပ်တိုး ပါဝင်လာတဲ့ ကွင်းလယ်လူ တော်မီနေး
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ တော်မီနေး ဟာ ဒဏ်ရာပြဿနာကြောင့် ၃ ပတ်အထိ အနားယူရတော့မှာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သူ တွမ်မီနေးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ဂိုးသွင်းခဲ့ပြီး ဂါနာချို၊ ရပ်ရှ်ဖို့ဒ်၊ ဟွိုင်လန်းတို့နဲ့အတူ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ချယ်လ်ဆီးကို ၄-၃ ဂိုးနဲ့ရှုံးတဲ့ပွဲမှာ တော်မီနေး ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ၂ ပတ်ကနေ ၃ ပတ် အထိ အနားယူရမှာဖြစ်တယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးလ် က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ရုန်းကန်နေရချိန်မှာ တော်မီနေး ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေပါတယ်။
အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် ၄၉ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အက်စတွန်ဗီလာ(အဆင့် ၅)၊ စပါး(အဆင့် ၄)တို့နဲ့ ၁၁ မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ နောက်ဆုံးဖလားမျှော်လင့်ချက်ဖြစ်တဲ့ FA ဖလား ဆီမီးဖိုင်နယ်အဖြစ် ဧပြီလ ၂၁ ရက်ကျရင် ကိုဗင်ထရီနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲကို တော်မီနေး လွဲချော်ဖို့ နီးစပ်နေပါပြီ။
တော်မီနေး ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၃၆ ပွဲပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံမှာ ဒဏ်ရာကြောင့် လွဲချော်ခဲ့တာဆိုလို့ စုစုပေါင်းမှ ၇ ပွဲသာရှိခဲ့ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး အခုလောလောဆယ် တော်မီနေး အပါအဝင် လုခ်ရှော၊ မာလာစီယာ၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဗာရန်း၊ အီဗန်စ်တို့အားလုံး အနားယူနေရတာဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်အသင်း အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကလည်း လီဗာပူးလ်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲချိန်ပြည့် မကစားနိုင်ဘဲ လူစားလဲခံရသလို စနေနေ့ကျရင် ဘုန်းမောက်နဲ့ကစားမဲ့ပွဲမှာ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။