မန်ချက်စတာ ယူနိုက်တက် ထရိန်နင်မှာ ပုံမလာတဲ့ မိန်းနူးနဲ့ ဂါနာချိုတို့ရဲ့ လုပ်ရပ်ကို ပေါလ် စခိုး ဝေဖန်
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်ဟောင်းကြီး ပေါလ် စခိုးကတော့ လေ့ကျင့်ရေးကွင်းမှာ ဦးထုပ်စွပ်ပြီး ဂျာကင်ဝတ် လေ့ကျင့်ခဲ့တဲ့ ကော်ဘီ မိန်းနူးနဲ့ ဂါနာချိုတို့ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
မိန်းနူးနဲ့ ဂါနာချိုတို့ ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ တန်ဟက်ရဲ့အသင်းအတွက် အကောင်းဆုံးကစားသမားတွေ ဖြစ်ခဲ့ကြတာဖြစ်ပေမယ့်လည်း မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရခဲ့တာပါ။

ပေါလ် စခိုးက ဗုဒ္ဓဟူးနေ့နံနက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်း ဂျာကင်တွေ၊ ခေါင်းစွပ်တွေ ဝတ်ဆင်ထားတဲ့ မိန်းနူးနဲ့ ဂါနာချိုတို့ရဲ့ ပုံကို မြင်တွေ့ခဲ့ရပြီးနောက် ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုမှ သေချာ လေ့ကျင့်ရေးဆင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။
“ဦးထုပ်နဲ့ လက်အိတ်တွေ ဝတ်တာက ကိစ္စမရှိဘူး။ ဒါပေမယ့် ခေါင်းစွပ်အင်္ကျီကြီး ဝတ်ထားပြီး သေချာလေ့ကျင့်ဖို့က မဖြစ်နိုင်ဘူး။ အဆင့်အတန်းဆိုတာက လေ့ကျင့်ရေးကွင်းမှာပဲ စတင်ရတာ”လို့ အင်စတာဂရမ် စတိုရီမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရှိနေပြီး ၄နဲ့ ၅ နေရာမှာ ရှိတဲ့ ဗီလာ၊ စပါးတို့နဲ့ ၁၁ မှတ်ထိ ကွာဟနေပါတယ်။