မျှော်လင့်ထားသလို မဟန်သေးတဲ့ မာလာစီယာ ရဲ့ အခြေအနေ သတင်းဆိုး

မန်ယူအသင်း နောက်ခံအစွန်လူ မာလာစီယာ တစ်ယောက် လာမယ့်ရာသီအထိ အသင်းအတွက် ကစားပေးနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

လက်ရှိရာသီ မန်ယူအသင်းနဲ့ လက်ရွေးစင် နယ်သာလန်အတွက် တစ်ကြိမ်မှ ပါဝင် ကစားပေးနိုင်ခြင်း မရှိသေးတဲ့ မာလာစီယာဟာ ပြီးခဲ့တဲ့ဇွန်လ ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်ပြီးကတည်းက ယခုလို ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်အတွင်း မာလာစီယာကို မြင်တွေ့ခဲ့ရပေမယ့် ၎င်းရဲ့ ဒူးဒဏ်ရာက သက်သာခြင်း မရှိသေးတာကြောင့် မန်ယူအသင်းက မာလာစီယာကို လန်ဒန်မှာ ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကစားသမားကတော့ နယ်သာလန်မှာ သွားရောက် ခွဲစိတ်ဖို့သာ ရွေးချယ်ခဲ့ပါတယ်။

မန်ယူအသင်းကလည်း ကစားသမားရဲ့ တောင်းဆိုချက်ကို လက်ခံပေးခဲ့တာကြောင့် နယ်သာလန်မှာ သွားရောက်ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ယခုလို ကစားသမားဘက်က ပြန်လည် သက်သာဖို့ နှေးကွေးနေချိန်မှာတော့ အသင်းဘက်က ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ဒါ့အပြင် မာလာစီယာဟာ ဒုတိယအကြိမ်မြောက် ထပ်မံခွဲစိတ်မှု ခံယူခဲ့ရသူ တစ်ယောက်ဖြစ်သလို အဆိုပါ ခွဲစိတ်မှုက ဒဏ်ရာ တစ်နေရာထဲကိုပဲ နောက်ထပ် တစ်ကြိမ် ခွဲစိတ်ခဲ့တာကြောင့် မာလာစီယာရဲ့ ပြန်လည် သက်သာလာမှုက အတော်လေး နှေးကွေးနေခဲ့တာ ဖြစ်ပါတယ်။