အပြန်အလှန် တိုက်စစ်တွေနဲ့ မြိုင်ခဲ့သော်လည်း မန်ချက်စတာ ယူနိုက်တက်တို့ ကံကောင်းလို့ ဘုန်းမောက်ဆီက သရေ တစ်မှတ် ခွဲယူနိုင်ခဲ့တဲ့ ပွဲ

မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ပွဲစဉ် ကတော့ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ပထမပိုင်းမှာ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲက မြိုင်ဆိုင်ခဲ့ပြီး ၁၆ မိနစ်မှာ ဒေါမနစ် ဆိုလန်ကီက ဆီနီဆီရဲ့ ပေးပို့မှုကနေတဆင့် ကန်ဘွာလာ ခြေချော်ပြီး မရှင်းထုတ်နိုင်လို့ ရောက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာ ရက်ရှ်ဖို့ဒ် ချေပဂိုး သွင်းယူဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း အဖိန့်လွန်ပြီး ဘယ်ခြေနဲ့ ကန်လိုက်တဲ့ ဘောလုံးကို ဂိုးပိုက်ဘေးကိုသာ ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။

၃၁ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ လိုအပ်နေတဲ့ ချေပဂိုးကို ဘရူနို ဖာနန်ဒက်စ်က သွင်းယူပေးသွားခဲ့ပြီး လမ်းကြောင်းပြောင်းပြီး ရောက်လာတဲ့ ဘောလုံးကို ပေါ်တူဂီကြယ်ပွင့်က မြေမကျဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၅ မိနစ်အကြာမှာ အိမ်ရှင်ဘုန်းမောက်တို့က ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီး ဆီနီဆီရဲ့ ထိုးဖောက်မှုကနေတဆင့် ရလာတဲ့ ဘောလုံးကို ကလွိုက်ဗက်က ပင်နယ်တီဧရိယာထဲဆွဲပြေးပြီး ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာ မန်ချက်စတာယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ၆၅ မိနစ်မှာတော့ မိုင်နူးကြောင့် သရဲနီတို့ ပင်နယ်တီရခဲ့ပါတယ်။

ကော်ဘီ မိုင်နူးရဲ့ ကန်ချက်က စမစ်ရဲ့ လက်နဲ့ ထိသွားခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပြီး ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူပြီး အရေးပါတဲ့ ချေပဂိုးကို ရယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီး ၉၀+၅ မိနစ်မှာ ဒိုင်လူကြီးက ခရစ္စတီးကို ကမ်ဘွာလာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တယ်ဆိုပြီး ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ခဲ့ပေမယ့်လည်း VAR က ပင်နယ်တီဧရိယာအပြင်ဘက်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် မန်ယူနိုက်တက်တို့ ကံကောင်းသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘုန်းမောက်ဆီက သရေ ၁ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အဆင့် ၆ နေရာက နယူးကာဆယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၇ နေရာမှာပဲ ဆက်လက်ရပ်တည်ခဲ့ရပါတယ်။