ဆန်ချို ပြီးတော့ ဂါနာချို လား၊ လူမှုကွန်ယက်နေ တန်ဟက်ကို မကျေနပ်ကြောင်း ပြသလာတဲ့ နောက်ထပ် သရဲနီ ကြယ်ပွင့်
ယခင် တိုက်စစ်သမား ဆန်ချို တုန်းက ဆိုရှယ်မီဒီယာပေါ်တက်ပြီး တန်ဟက်ကို လူလိမ်လို့ ပြောရာကနေ အသင်း ကန်တင်းမှာ ခြေချခွင့်မရတော့တဲ့အထိ အခြေအနေက ဆိုးရွားခဲ့ပါတယ်။
အခုလည်း ဂါနာချိုက ဆန်ချိုလိုပဲ တန်ဟက်အပေါ် သူမကျေနပ်တာကို ဆိုရှယ်မီဒီယာပေါ်မှာ လူတွေ သိအောင် လုပ်သလို ဖြစ်သွားခဲ့ပြန်ပါပြီ။

ဒီရာသီ မန်ယူရဲ့အရေးပါတဲ့ ကစားသမား ဂါနာချိုဟာ စနေည ဘုန်းမောက်နဲ့ပွဲမှာ ပွဲစကတည်းက ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ ပထမပိုင်းအပြီးမှာပဲ နည်းပြတန်ဟက်က ဂါနာချိုကို အာမတ် ဒီရယ်လိုနဲ့ လူစားလဲလိုက်တာပါ။
ဂါနာချိုကို လူစားလဲတာနဲ့ပတ်သက်လို့ နာမည်ကြီးမန်ယူဖန်လည်းဖြစ်၊ မန်ယူနဲ့ပတ်သက်ရင် အမြဲတမ်းဝေဖန်လေကန်တတ်သူ Mark Goldbridge က ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာ – X ပေါ်မှာ တန်ဟက်ကို ပြစ်တင်ပြောကြားတဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။
ဒါ့အပြင် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာလည်း တန်ဟက်က ညံ့လို့ ဂါနာချိုကို လူစားလဲတယ်ဆိုတဲ့ ပုံစံမျိုးပြောခဲ့သေးတာပါ။
အဲဒါနဲ့ပတ်သက်ပြီး ဝေဖန်တဲ့ နောက်တစ်ပို့စ်ကိုလည်း Mark Goldbridge ထပ်တင်ခဲ့ပါတယ်။
တန်ဟက်ကို ပြစ်တင်ဝေဖန်တဲ့ Mark Goldbridge ရဲ့အဲဒီပို့စ်နှစ်ခုစလုံးကို အာဂျင်တီးနားသားက Like လုပ်ခဲ့တာပါ။
အဲဒါကို X ပေါ်က ဂါနာချိုရဲ့ဖော်လိုဝါ ၇ သိန်းကျော်ထဲက အချို့က သတိထားမိသွားပြီး screenshot ရိုက်ထားကြကာ အဲဒါကလည်း ပျံ့နှံ့သွားပါတယ်။
ပွဲဖြစ်မယ့်အနေအထားဆိုတော့ ဂါနာချိုကလည်း သူ Like လုပ်ထားတာတွေကို ပြန်ဖြုတ်လိုက်တာပါ။
သူ့ Instagram Story မှာလည်း ဂါနာချိုဟာ ပွဲချိန်အတွင်း စိတ်ပျက်နေတဲ့ပုံကို တင်ထားပြီး ပါးစပ်ဟနေတဲ့ အီမိုဂျီကို သုံးကာ တန်ဟက်ကို မကျေနပ်ကြောင်း ဖော်ပြခဲ့ပါတယ်။
နည်းပြတန်ဟတ်ကလည်း ပွဲပြီးအင်တာဗျူးမှာ ဂါနာချိုရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး
” ဂါနာချိုက တစ်ပတ်လုံး လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ဘဲ မနေ့ကမှ အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာပါ။ အသင်းလိုက် ကစားတဲ့နေရာမှာ ပြိုင်ဘက်အသင်းရဲ့ထိုးစစ်ကို စည်းစည်းလုံးလုံးနဲ့ တားဆီးနိုင်ဖို့လိုအပ်တဲ့အချိန်တွေရှိပါတယ်။
ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘဲ နေရာလွတ်တွေပေးနေခဲ့ရတယ်။ ကလွိုက်ဗက်ရသွားတဲ့ဂိုးကလည်း အဲ့ဒီလိုဖြစ်ခဲ့တာမျိုးပါပဲ။
ညာတောင်ပံမှာ နေရာလွတ်အကြီးကြီးဖြစ်နေပြီး ကလွိုက်ဗက်က ဘောလုံးမရခဲ့သင့်တဲ့အနေအထားမှာ ရသွားသလိုလိုက်ပြီး ပိတ်ဆိုတာမျိုးလည်းမလုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ညာတောင်ပံကို ပြင်ဆင်ဖို့ လိုအပ်ခဲ့လို့လူစားလဲခဲ့တာပါ။”ဆိုပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။