နည်းပြသစ်နဲ့ ဒုတိယ ရာသီရောက်တိုင်း ပြိုကျသွားတဲ့ မန်ချက်စတာ ယူနိုက်တက် ဘာမှားနေသလဲ

မန်ချက်စတာ ယူနိုက်တက်ဟာ စနေနေ့က ဘုန်းမောက်နှင့် ၂-၂ ဂိုး သရေကျခဲ့တဲ့ပွဲမှာ ရှုံးနိမ့်ခြင်းမှ ရှောင်ရှားနိုင်ရန် အတွက် နောက်မှလိုက်ကစားခဲ့ရပြီး နိုင်ပွဲပျောက်ဆုံးခဲ့တာက ၄ ပွဲအထိရှိသွားပြီဖြစ်ပါတယ်။

တန်ဟက်ရဲ့ ပထမဆုံးရာသီမှာ ယူနိုက်တက်ဟာ ရလဒ်ကောင်းမွန်ခဲ့ပြီး လိဂ်ဖလားကိုလည်းရရှိခဲ့သလို ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာဖြင့် ရာသီပိတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိရာသီမှာတော့ ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၇ မှာရှိနေပြီး အက်ဖ်အေဖလားကို ရရှိနိုင်ဖို့အတွက် လာမယ့်ရက်သတ္တပတ်မှာ ကိုဗင်းထရီစီးတီးနဲ့ ဆီမီးဖိုင်နယ်ကို ကစားရမှာဖြစ်ပါတယ်။

နဗီးလ်က ယူနိုက်တက်အတွက် စိုးရိမ်ပူပန်နေပြီး တန်ဟက်ရဲ့လက်ထက် အသင်းရဲ့စွမ်းဆောင်ရည်အတွက် ရှင်းလင်းစရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်နှင့်သရေကျခဲ့တဲ့ ယူနိုက်တက်ရဲ့ စိတ်ပျက်ဖွယ်ရာအကြောင်း မေးမြန်းတဲ့အခါ နဗီးလ်က ခုလို ဆိုလာခဲ့တာပါ။

“အရင်က လည်းမြင်ထားဖူးတော့ ပြောစရာမရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်လောက်ကတည်းက ယူနိုက်တက်မှာ နည်းပြသစ်ရဲ့ ဒုတိယမြောက် ရာသီမှာ ဒီလိုမျိုး ထပ်ခါတလဲလဲ ဖြစ်နေတာပါ။ အဆုံးသတ်မှာ ပြိုကွဲသွားပုံရပါတယ်”

“အဓိက ကတော့ စွမ်းဆောင်ရည် အဆင့်အတန်းက ဘရန်ဖို့ဒ်နဲ့ပွဲမှာ ညံ့ဖျင်းခဲ့ပြီး ဘုန်းမောက်နဲ့ပွဲမှာလည်း ဆိုးရွားခဲ့ပါတယ်။ တကယ်ကို စွမ်းဆောင်ရည်နိမ့်ကျနေပြီး အကြီးမားဆုံး စိုးရိမ်စရာဖြစ်နေပါတယ်”

“လူတွေကတော့ ဒဏ်ရာရရှိမှုကို ညွှန်ပြနေပြီး ယူနိုက်တက်မှာ ဒဏ်ရာရရှိမှုများနေပါတယ်။ အားလုံး ကြံ့ခိုင်နေမယ်ဆိုရင်လည်း မနေ့က ကစားခဲ့တဲ့ ၉ ဦးက ပွဲထွက်စဉ်စာရင်းမှာ ပါဝင်လာနိုင်ပါတယ်”

“ကစားသမားအချို့ ဒဏ်ရာရရှိနေပေမယ့် အခုချိန်မှာတော့ အသင်းတိုင်းနဲ့ အတူတူပါပဲ။ ဒီအချိန်မှာ သူတို့ ဘယ်လိုကစားနေတယ်ဆိုတာ ရှင်းပြဖို့အတွက် မရှိပါဘူး။ ဒေါသထွက် စိတ်ပျက်နေတဲ့ ပရိသတ်တွေရဲ့ အသံတွေ အများကြီးထွက်လာပြီး အခုချိန်မှာတော့ ကျွန်တော်တို့က အဲဒီနေရာကို ရောက်နေပါပြီ”

“အက်ဖ်အေဖလားက သိသိသာသာ ကြီးမားတဲ့အရာဖြစ်နေပြီး နှစ်ရာအတွင်းမှာ ဆုဖလား ၁ လုံးသာရရှိတယ်ဆိုတာက မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ယူနိုက်တက်ရဲ့ကစားပုံက ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာကို မြင်ရတာက ထူးဆန်းတဲ့ အတွေ့အကြုံ တစ်ခုပါ။ ရှေ့နောက်မညီမှုတွေ ပိုများလာပြီး တစ်ပတ်ပြီးတစ်ပတ် အတူတူပဲ ပြောနေကြပါတယ်” လို့ နဗီးလ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။