သူ့ အပြုအမူ အတွက် ယူနိုက်တက် နည်းပြ တန်ဟက်ကို တိုက်စစ်သမား ဂါနာချို ပြန် တောင်းပန်ခဲ့ပါပြီ
မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် ကစားသမား အလီဂျန်ဒရို ဂါနာချိုဟာ ဘုန်းမောက်နှင့်ပွဲတွင် သူ့ကို လူစားလဲလှယ်တဲ့ အပေါ် ဝေဖန်ရေးသားထားတဲ့ ဆိုရှယ်မီဒီယာပို့စ်အား Like ပေးခဲ့တဲ့ အပြုအမူအတွက် နည်းပြ အဲရစ်တန်ဟက်အား တောင်းပန်ခဲ့ပါတယ်။
အသက် ၁၉ နှစ်ရှိ အာဂျင်တီးနားတောင်ပံကစားသမားဟာ ဧပြီလ ၁၃ ရက်နေ့တုန်းက ဘုန်းမောက်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် ပထမပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ယင်းပို့စ်ကို Like လုပ်ပြီးနောက် Unlike ပြန်လုပ်ခဲ့သလို နည်းပြ အဲရစ်တန်ဟက်ကိုလည်း တောင်းပန်ခဲ့ပါတယ်။ ယခုအခါ ဂါနာချိုနှင့် အဲရစ်တန်ဟက်အကြား ပြဿနာမရှိတော့ပါဘူး။
ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က “အလီဂျန်ဒရိုက လူငယ်ကစားသမားလေးပါ။ သင်ယူစရာတွေ အများကြီး ရှိသေးတယ်။ ဒီအတွက် သူ တောင်းပန်ခဲ့တယ်။ အခုတော့ ဒီကိစ္စကို ထားခဲ့လိုက်ပါပြီ”လို့ ပြောကြားသွားပါတယ်။
နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တွင် ဝင်ဘာလေကွင်းမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကိုဗင်ထရီနှင့် ရင်ဆိုင်ကစားရပါမယ်။