မန်ယူဆို အကောင်းမြင်လေ့ မရှိတဲ့ ခရစ်ဆက်တန်က ကွန်ဗန်ထရီကိုတောင် ရှုံးဦးမယ် ပြောလာပြန်ပါပြီ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ်မှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ချန်ပီယံရှစ်ကလပ် ကွန်ဗန်ထရီ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၉နာရီ အချိန်၊ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။

မန်ယူဆို အကောင်းဘက်က ခန့်မှန်းလေ့ သိပ်မရှိတဲ့ ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ကတော့ ဒီတကြိမ် ချန်ပီယံရှစ်ကလပ် ကွန်ဗန်ထရီနဲ့ တွေ့တာတောင် မန်ချက်စတာ ယူနိုက်တက် ရှုံးမယ် ခန့်မှန်းထားပါတယ်။



ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ကွန်ဗန်ထရီ က ချန်ပီယံရှစ်မှာ အကောင်းဆုံး ပုံစံ ရနေတာ မဟုတ်ပါဘူး။ နောက်ဆုံး ကစားထားတဲ့ ၄ ပွဲမှာ ၃ ပွဲထိ ရှုံးထားပါတယ်။ ဒါပေမယ့် ကျွန်တော်က ရိုမန်တစ် ဆန်ချင်သလို အိပ်မက်ဆန်တဲ့ ပုံပြင်တွေကိုလည်း ယုံကြည် သက်ဝင်သူပါ။

ကွန်ဗန်ထရီ အသင်း နည်းပြ မာ့ခ် ရိုဘင်စ် က ဒီပွဲကိုသာ နိုင်လိုက်ရင် သူ့ အသင်းဟောင်း (ယူနိုက်တက်) ကို အနိုင်ရတာလည်း ဖြစ်လာမှာပါ။ သူက အဲရစ် တန်ဟက်ကို အသင်းကနေ ထွက်သွားဖို့ တွန်းပို့သွားပါလိမ့်မယ်။

ယူနိုက်တက်ဖန် တချို့က ကျွန်တော် သူတို့ ရှုံးမယ်လို့ ခန့်မှန်းတိုင်း သိပ် ဒေါသထွက်လေ့ ရှိတယ်။ ပြီးခဲ့တဲ့ အပတ် တုန်းက ဘုန်းမောက် သူတို့ကို နိုင်မယ် ပြောခဲ့တုန်းကလိုပေါ့။

ဒါပေမယ့် အဲဒီပွဲ ကျွန်တော် ပွဲရလဒ် မမှန်ခဲ့သည့်တိုင် ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က အတော် ညံ့ဖျင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့တယ်။ ကျွန်တော် သူတို့ အကြောင်း သုံးသပ်ခဲ့တာတွေ မှန်ခဲ့တယ်။

ယူနိုက်တက်က ကွန်ဗန်ထရီ ကို သက်တောင့်သက်သာ အနိုင်ရသင့်ပါတယ်။ ဒါပေမယ့် သူတို့က ဒီတစ်ရာသီလုံး ခြေစွမ်း မငြိမ်ဖြစ်နေတယ်။ အခုမှ ချက်ချင်းကြီး သူတို့ကို ယုံကြည်လောက်စရာလို့ ကျွန်တော် မတွေးနိုင်ဘူး။

ဒီပွဲမှာ ကျွန်တော် နည်းနည်းတော့ စိတ်ကူးယဉ် ဆန်ကြည့်မယ်။ ၁၉၈၇ ဖိုင်နယ်တုန်းက Keith Houchen ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ကွန်ဗန်ထရီ က စပါးကို အနိုင်ယူပြီး အက်ဖ်အေ ဖလား ကိုင်မြှောက်ခဲ့ဖူးပါတယ်။ ဒီတပတ်ပွဲမှာလည်း သူတို့ နိုင်လိုက်တယ် ဆိုရင် ဘယ်လိုတောင် ဖြစ်သွားမလဲ။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်

ကွန်ဗန်ထရီ ၂-၁ မန်ချက်စတာ ယူနိုက်တက်။