ထိုင်ခုံက မဖယ်ချင်သေးတဲ့ ဆိုးရှား၊ မာရှယ်၊ ဗာရိန်း၊ ရော်ဂျာတို့နဲ့ ယနေ့ည မန်ယူ သတင်းများ

လက်စတာနည်းပြ ရော်ဂျာကတော့ သူ့အနေနဲ့ မန်ယူနည်းပြရာထူးအတွက် ခေါင်းငြိမ့်ခဲ့တယ် ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း ငြင်းဆန်လိုက်ပါတယ်။ ရော်ဂျာက သူ့အနေနဲ့ လက်စတာ နည်းပြ ဖြစ်ရတာကို ဂုဏ်ယူလျက် ရှိကြောင်း၊ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပြုလိုကြောင်း ရှင်းလင်းခဲ့ပါတယ်။

မန်ယူတိုက်စစ်မူှး မာရှယ်လ် ဟာ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်လျက် ရှိနေပါတယ်။ ဂျူဗင်တပ် အနေနဲ့ မာရှယ်လ်ကို ကနဦး အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး နောက်မှသာ ယူရိုသန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူသွားဖွယ် ရှိပါတယ်။

မန်ယူနည်းပြဟောင်း ဗန်ဂါးလ်က သူ့အနေနဲ့ ၂၀၁၅ ခုနှစ်အတွင်း ဘိုင်ယန်မြူးနစ်တိုက်စစ်မူှး မူလာကို မန်ယူထံ ခေါ်ဆောင်ဖို့ နီးစပ်ခဲ့ပေမဲ့ မူလာရဲ့ဇနီးက တားမြစ်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီတုန်းက မန်ယူဟာ မူလာကို ပေါင် ၈၄ သန်းနဲ့ ကမ်းလှမ်းခဲ့တာပါ။

မန်ယူကစားသမားဟောင်း ဒင်းနစ်အာဝင်က ရလဒ်တွေ ဆိုးရွားနေတဲ့အချိန်မှာ နိုင်ငံတကာ ရက်သတ္တပတ် ဝင်လာ တာက မိမိတို့အတွက် ကောင်းမွန်မှုရှိကြောင်း၊ မန်ယူ ကစားသမားတွေအနေနဲ့ နိုင်ငံအသင်းတွေနဲ့ ခြေစွမ်းပြခဲ့မှုက ကလပ်ထံ ပြန်လာတဲ့အခါ အပေါင်းလက္ခဏာဆောင်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

တံကောက်ကြော ဒဏ်ရာ ရရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဗာရိန်း က ရက်သတ္တပတ်အနည်းငယ် အနားယူရဦးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဗာရိန်း အနေနဲ့ ဗီလာရီးရဲ၊ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ အရေးကြီး ပွဲစဉ်တွေမှာ ပါဝင်နိုင်ဖွယ် မရှိပါဘူး။

မန်ယူနည်းပြ ဆိုးရှားဟာ ရော်နယ်ဒို၊ ဖာနန်ဒက်စ် အပါအဝင် အသင်း စီနီယာ ကစားသမား ၆ ဦးနဲ့ အခက်အခဲ ကိစ္စတွေ ပြောဆို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆိုးရှားက နည်းပြ ရာထူး ဆက်လက် ဆုပ်ကိုင်ထားလိုနေပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒါလော့အနေနဲ့ ရိုးမားကိုပြန်လည်ပြောင်းရွှေ့ဖို့ ခေါင်းညိမ့်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ မန်ယူအနေနဲ့ အက်သလက်နောက်ခံလူ ထရစ်ပီယာကို ခေါ်ယူနိုင်မှ ဒါလော့ကိုလက်လွှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။