ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ ဖြစ်နေတဲ့ မန်ယူအသင်းရဲ့ ဒဏ်ရာ ပြဿနာနဲ့ ကိုဗင်ထရီ ပွဲကြို ထိုးနှက်ချက်
မန်ချက်စတာ ယူနိုက်တက်ဟာ ဗာရန်း၊ မာတီနက်ဇ်၊ လင်ဒီလော့ဖ်၊ အီဗန်စ် စတဲ့ အဓိက ဗဟိုနောက်ခံလူ ၄ဦးကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားရချိန်မှာ လူငယ်ခံစစ်မှူး ကမ်ဘွာလာကပါ ဒဏ်ရာ ထပ်ရသွားခဲ့ကြောင်း သိရှိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာ ပြဿနာတွေကို ခါးစည်းကာ ခံနေရတဲ့ အသင်း ဖြစ်ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေလို့ ပြောရမယ့် ဟွိုင်လန်း ၊ မာရှယ် ၊ မေဆန်မောင့် ၊ ဗာရန်း ၊ မာတီနက်ဇ် ၊ လင်ဒီလော့ဖ် ၊ အီဗန်စ် ၊ မာလာစီယာ ၊ ဘစ္စကာ စတဲ့ ကစားသမားတွေက တလှည့်စီ ဒဏ်ရာတွေကြောင့် အနားယူခဲ့ရပါတယ်။
တရာသီလုံး အဓိက ကစားသမားတွေ ဒဏ်ရာရရှိနေမှုကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ တည်ငြိမ်တဲ့ ပွဲထွက်လူစာရင်းကို မထုတ်သုံးနိုင်သလို ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့လည်း ရုန်းကန်နေရပြီး ယခုလထဲမှာဆိုရင် ယူနိုက်တက်က ဗဟိုခံစစ်မှူး ၆ဦး အနက် ၄ဦးကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားရလို့ မက်ဂွိုင်းယားနဲ့ ကမ်ဘွာလာတို့ရဲ့ ဗဟိုခံစစ်အတွဲကိုသာ အဓိက သုံးစွဲနေရပါတယ်။
ကံဆိုးမသွားရာ ၊ မိုးလိုက်လို့ရွာ ဆိုတဲ့ စကားပုံအတိုင်း ကံဆိုးလွန်းနေတဲ့ ယူနိုက်တက်တို့ ဒီတကြိမ်မှာလည်း ထပ်မံ ကံဆိုးခဲ့ရပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်လို အရေးကြီးပွဲ ကစားရမယ့် အချိန်မှာ လက်ကျန် ဗဟိုခံစစ်မှူး ၂ဦး အနက် လူငယ်ခံစစ်မှူး ဖြစ်တဲ့ ကမ်ဘွာလာကပါ ထပ်မံ ဒဏ်ရာရသွားခဲ့ပါတယ်။
အသက် ၁၉နှစ် အရွယ် ပြင်သစ် လူငယ်ခံစစ်မှူး ကမ်ဘွာလာ က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးထားသူ ဖြစ်ပြီး သူက ကိုဗင်ထရီနဲ့ အက်ဖ်အေဖလားပွဲ အတွက် လေ့ကျင့်မှုတွေ လုပ်ရင်းကနေ ဒဏ်ရာရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ကမ်ဘွာလာ တယောက် ဒဏ်ရာရရှိသွားပြီးနောက် ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးကို မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ ဗဟိုခံစစ်မှာ နေရာပေး အသုံးပြုဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။