ကိုဗင်ထရီ ကို ကံကောင်းလို့ နိုင်သွားတဲ့ မန်ယူ၊ ပြောစရာ စကားလုံး မရှိအောင် ချာသွားတဲ့ ခြေစွမ်းနဲ့ ပွဲ
မန်ချက်စတာ ယူနိုက်တက်ရဲ့ အခြေအနေ ဆိုးလွန်းနေတဲ့ ခြေစွမ်းကတော့ ခိုင်းနှိုင်းစရာ စကားလုံး မရှိတော့ပါဘူး။
ကိုဗင်ထရီလို လိဂ်ချန်ပီယံရှစ်က အသင်းမျိုးကို ၃-၀ ဂိုးပြတ် ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးရပြီး ပယ်နယ်တီအဆုံးအဖြတ်မှ အနိုင်ရခဲ့တာက တကယ်ရှက်စရာကောင်းပါတယ်။ ဒါတောင် အချိန်ပိုပြီးခါနီးမှာ ကိုဗင်ထရီကွင်းလယ်လူ ဗစ်တာတော့ပ်ရဲ့ဂိုးက လူကျွံဖြစ်နေလို့သာ ယူနိုက်တက် ကံကောင်းခဲ့တာပါ။

တစ်ချိန်က ယူနိုက်တက်ကစားသမားဟောင်းဖြစ်ခဲ့သလို အသင်းနဲ့အတူ FA ဖလားရယူနိုင်ခဲ့သူ ကိုဗင်ထရီနည်းပြမာ့ခ်ရိုဘင်စ်ရဲ့ ဒုတိယပိုင်း နည်းဗျူဟာအပြောင်းအလဲတွေကို အသိအမှတ်ပြုချီးကျူးရမှာဖြစ်ပြီး ကိုဗင်ထရီအသင်းဟာ မယုံနိုင်လောက်အောင် Comeback လုပ်ပြနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ ယူနိုက်တက်ကို ရှိန်နေတာကြောင့် ကိုဗင်ထရီတို့ ဖွင့်မကစားရဲဘဲ ခံစစ်ကို ပိတ်ဆို့ကစားခဲ့လို့ ယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုးဖောက်ခဲ့ပြီး ၂၃ မိနစ်မှာ ဒါလော့တ် ချိုးပေးတာကနေ တွမ်မီနေးက ပြေးဝင်ပိတ်ပြီးတော့ အဖွင့်ဂိုးသွင်းခဲ့ပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံမှာ တွမ်မီနေးရဲ့ သွင်းဂိုးက ၁၀ ဂိုးအထိရှိလာပြီး ဒါက သူ့ကစားသမားဘ၀ အကောင်းဆုံးသွင်းဂိုးမှတ်တမ်းပါပဲ။ ပထမပိုင်းပြီးခါနီးမှာ ထောင့်ကန်ဘောကနေ ဘရူနိုဖာနန်ဒက်စ် တင်ပေးလိုက်တာကို မက်ဂွိုင်းယားက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူခဲ့ပြီး ၅၈ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က တတိယဂိုး သွင်းယူခဲ့ပါတယ်။
၃ ဂိုးပြတ်ရှုံးနေချိန်မှာ မာ့ခ်ရိုဘင်စ်က Do Or Die စိတ်ဓာတ်နဲ့ ကစားသမားအပြောင်းအလဲတွေလုပ်ခဲ့တဲ့အပြင် တိုက်စစ်ဖွင့်ကစားစေခဲ့ပါတယ်။ နဂိုကတည်းကမှ ပြိုင်ဘက်တိုင်းကို ဂိုးအလှူပေးနေရတဲ့ ယူနိုက်တက်ခံစစ်နဲ့ ဂိုးသမားအိုနာနာတို့ဟာ ကိုဗင်ထရီ တိုက်စစ်ဖွင့်ကစားချိန်မှာ ဘယ်လိုမှ မထိန်းနိုင်တော့ပါဘူး။
နောက်ခံလူတွေ အားလုံးနီးပါး ဒဏ်ရာရနေလို့ အခုပွဲမှာ Centre Back အဖြစ် ဝင်ကစားရတဲ့ ကတ်စ်မဲရိုးနဲ့ မက်ဂွိုင်းယားတို့အတွဲက ကိုဗင်ထရီအသင်းရဲ့ Pressing ကြောင့် ကစဉ့်ကလျားတွေဖြစ်ပြီး ဒါလော့တ်၊ ဘစ်ဆာကာတို့ကလည်း ဟာဂျီရိုက်၊ အဲလစ်ဆင်းစ်၊ ကော်လန်အိုဟဲတို့ရဲ့ နေရာစုံက ထိုးဖောက်မှုတွေကြောင့် အမှားများလာခဲ့ပါတယ်။
အဲဒါကြောင့်ပဲ ၇၁ မိနစ်မှာ အဲလစ်ဆင်းစ်၊ ၇၉ မိနစ်မှာ ကော်လန်အိုဟဲနဲ့ ပွဲပြီးခါနီးမှာ ဘစ်ဆာကာရဲ့လက်ထိဘောကနေ ရရှိခဲ့တဲ့ ပယ်နယ်တီကို ဟာဂျီရိုက်က ကန်သွင်းပြီးတော့ ချေပဂိုးတွေ ပြန်လည်ရယူခဲ့ပါတယ်။
အချိန်ပိုမိနစ် ၃၀ အတွင်း နှစ်သင်းစလုံး အပိုင်ဂိုးသွင်းခွင့်တွေရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ကန်ချက်က ဂိုးဘားတန်းထိခဲ့သလို အဲလစ်ဆင်းစ်ရဲ့ အနီးကပ်ကန်ချက်ကလည်း ဂိုး ဘားတန်းထိခဲ့ပါတယ်။
အချိန်ပိုအတွင်း အဖြေမပေါ်တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့တာမှာတော့ ယူနိုက်တက်ဘက်က ကတ်စ်မဲရိုးရဲ့ စိတ်ပျက်စရာကန်ချက်ကို ကိုဗင်ထရီ ဂိုးသမားကောလင်းစ် ကာကွယ်နိုင်ခဲ့ပြီး ကော်လန်အိုဟဲရဲ့ကန်ချက်ကိုလည်း အိုနာနာ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် ကိုဗင်ထရီကွင်းလယ်လူ ဘန်ရှိဖ်ရဲ့ကန်ချက်က ဂိုးပေါ်ထောင်တက်ခဲ့ပြီး ယူနိုက်တက်အတွက် အဆုံးအဖြတ် ပယ်နယ်တီကို ဟွိုင်လန်းက အမှားအယွင်းမရှိ သွင်းယူခဲ့လို့ ယူနိုက်တက်အသင်း ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ကစားသမားတွေကိုယ်တိုင်က ကိုဗင်ထရီကို ပယ်နယ်တီအဆုံးအဖြတ်ရောက်မှ အနိုင်ရခဲ့တာဟာ မဖြစ်သင့်ဘူးဆိုတာ နားလည်ထားပုံရတဲ့အတွက် အရမ်းကြီးအောင်ပွဲမခံဘဲ ဟွိုင်လန်း ဂိုးသွင်းပြီးချိန်မှာ အိုနာနာတစ်ယောက်ပဲ ဟွိုင်လန်းဆီ ပြေးလာပြီးတော့ အောင်ပွဲခံခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ FA ဖလားပြိုင်ပွဲတစ်လျှောက် ဗိုလ်လုပွဲအဆင့်ကို ၂၂ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာကြောင့် အာဆင်နယ်(၂၁ကြိမ်)ကို ကျော်ဖြတ်ပြီးတော့ ဗိုလ်လုပွဲ အကြိမ်အများဆုံးရောက်ရှိတဲ့အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။
အခုနှစ် FA ဖလားဗိုလ်လုပွဲကလည်း မနှစ်ကလိုပဲ မန်ချက်စတာဒါဘီဖြစ်ခဲ့ပြီး ထူးခြားချက်က ပြိုင်ပွဲသမိုင်းတစ်လျှောက် ယူနိုက်တက်နဲ့ မန်စီးတီးတို့ ဗိုလ်လုပွဲမှာ ၂ နှစ်ဆက် ဆုံတွေ့တာက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။