ဒေးဗစ် မိုယက်စ်ထက်တောင် ဆိုးအောင် မန်ယူကို အရှက်ခွဲနေတဲ့ တန်ဟတ် အား ထုတ်ဖို့ ပရိသတ်တွေ တောင်းဆို
မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေကတော့ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းငယ်လေး ကိုဗင်ထရီကို ပင်နယ်တီအဆုံးအဖြတ်ရောက်မှ အနိုင်ရခဲ့တာကြောင့် နည်းပြ တန်ဟတ်ကို ထုတ်ပယ်ပစ်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ ပွဲချိန်အစောပိုင်းမှာတင် ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာကြောင့် အေးအေးဆေးဆေး ပွဲပြီးပြီထင်ခဲ့ပေမယ့် ကိုဗင်ထရီရဲ့မထင်မှတ်ထားတဲ့ ရုန်းအားနဲ့အတူ သုံးဂိုးပြန်လိုက်သွင်းခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ယူနိုက်တက်က ၄-၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။
ဒါပေမယ့် လူမှုကွန်ရက်ပေါ်က ယူနိုက်တက်ပရိသတ်တွေကတော့ နည်းပြတန်ဟတ်ဟာ အသင်းကို တိုးတက်အောင် လုပ်ဆောင်နိုင်တဲ့သူမဟုတ်လို့ ထုတ်ပယ်ပစ်ဖို့ တောင်းဆိုသွားခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးက “အဲရစ်တန်ဟတ်က ဒီလိုရှက်စရာကောင်းတဲ့ အခြေအနေကြောင့် အသင်းမှာ ဆက်မရှိသင့်ပါဘူး။ ၃ဂိုးနိုင်နေရာကနေ ပြိုဆင်းသွားပြီးတော့ ချန်ပီယံရှစ်အသင်းကို ရှုံးလုနီးနီးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ယူနိုက်တက်အချိန်တွေက ကုန်ဆုံးသွားပါပြီ။”လို့ ရေးသားခဲ့ပါတယ်။
နောက်တစ်ဦးက “ဒီနေ့ပဲ တန်ဟတ်ကို ထုတ်လိုက်ပါတော့။ ဒါကြီးက တော်ပါပြီကွာ။”လို့ ဆိုပါတယ်။
နောက်တစ်ယောက်ကလည်း “ယူနိုက်တက်သမိုင်းမှာ ဒီလောက်ထိ နည်းပြကို ထုတ်ပယ်ဖို့ သေချာခဲ့တဲ့အကြောင်းအရာ မရှိခဲ့ဖူးပါဘူး။ မိုယက်စ်လက်ထက်မှာတောင် ဒီလို အရှက်ရမှုမျိုးမရှိခဲ့ပါဘူး။ တန်ဟတ်နဲ့ ကစားသမားတွေက အသင်းတံဆိပ်ကို ရှက်စရာကောင်းအောင် လုပ်နေတာပါ။”ဆိုပြီး ဝေဖန်သွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ မန်ချက်စတာဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တန်းဆင်းဇုန်ထဲကအသင်းတွေဖြစ်တဲ့ ရှက်ဖီးလ် ယူနိုက်တက်၊ ဘန်လေတို့နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။