ခလုပ်နှိပ်ချပြီး ဟပ်ချလောင်း ဆိုသလို မန်ယူအသင်း အခြေအနေက ပြောင်းမသွားနိုင်ဘူးလို့ ရက်ကလစ်ဖ် ထွက် ရှင်းလာရပါပြီ
မန်ချက်စတာ ယူနိုက်တက်ရဲ့ အခြေအနေ ဆိုးဝါးလှတဲ့ ကစားပုံကို ကိုဗင်ထရီနဲ့ ပွဲမှာ တွေ့မြင်ခဲ့ရပြီးနောက် နည်းပြ တန်ဟက်နဲ့ ယူနိုက်တက် ကစားသမားတွေရဲ့ အရည်အသွေးက ထောက်ပြ ဝေဖန်ခံနေရပါတယ်။
တန်ဟက်ကတော့ ဘာလိုပဲ ဖြစ်ဖြစ် အသင်း ဖိုင်နယ် တက်နိုင်တဲ့ အပေါ် အကောင်းမြင်ပြီး ဂုဏ်ယူကြဖို့ အားပေး တိုက်တွန်းထားပါတယ်။

ယူနိုက်တက် ပရိသတ်တွေနဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးတွေကတော့ မန်ချက်စတာကလပ် ခုလို ကျဆင်းလာပုံ အပေါ် မယုံနိုင်ဘဲ စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။
မန်ချက်စတာ ယူနိုက်တက် ရှယ်ယာရှင်သစ် ဖြစ်တဲ့ ဆာဂျင် ရက်ကလစ်ဖ်ကတော့ အသင်း အခြေအနေကို စိတ်ရှည်ပေးကြဖို့နဲ့ မီးခလုတ် ဖွင့်သလို ချက်ချင်း ပြောင်းလဲ မသွားနိုင်ကြောင်း ပြောဆိုလာပါတယ်။
” အခု အနေအထားကို ပရိသတ်တွေ စိတ်မရှည်နိုင် ဖြစ်နေကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော် တကယ်ပဲ ကိုယ်ချင်းစာမိပါတယ်။ ဒါပေမဲ့ အခုဟာက ခရီးစဉ်တစ်ခုပါ။ ဒီခရီးကို သူတို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အသင့်အတင့် စိတ်ရှည်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ”
” ဒါက ခလုတ် တစ်ခု မဟုတ်ပါဘူး။ ဒါကြီးက ခလုတ်နှိပ်လိုက်တာနဲ့ ဟပ်ချလောင်း ဆိုသလို ပြောင်းလဲလိုက်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးလေ။ ” လို့ ရက်ကလစ်ဖ်က ဆိုခဲ့တာ ဖြစ်ပါတယ်။