အိုးထရက်ဖို့ဒ်က ပြိုင်ဘက် အသင်းတွေ အတွက် ဂူသင်္ချိုင်း လို့ အာဆင်နယ်ကို သတိပေးလိုက်တဲ့ ဂယ်ရီ နဗီးလ်
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အာဆင်နယ်အနေနဲ့ အိုးထရက်ဖို့ဒ်ကို လာကစားရမယ့်ပွဲမှာ ခြေချော်ပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ မန်စီးတီးကို ရှုံးနိမ့်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
လာမယ့် မေလ ၁၂ ရက်နေ့မှာ အာတီတာရဲ့အသင်းက ဒီရာသီ နောက်ဆုံးလက်ကျန်ပွဲစဉ် ၃ ပွဲထဲက တစ်ပွဲအဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အမှတ်ပေးဖလားကို ရနိုင်ဖို့ဆိုရင် လက်ကျန် ၃ ပွဲစလုံးကို အနိုင် ကစားနိုင်ရင်တောင်မှ မန်စီးတီး ခြေချော်ဖို့ ဆုတောင်းရဦးမှာဖြစ်ပါတယ်။

“အိုးထရက်ဖို့ဒ်မှာ ဘာတွေဖြစ်မလဲဆိုတာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ဘူး။ အိုးထရက်ဖို့ဒ်က ပြိုင်ဘက် အသင်းတွေ အတွက် ဂူသင်္ချိုင်း ဖြစ်လာနိုင်ပါတယ်။
မန်ချက်စတာယူနိုက်တက် အခုအချိန် ခြေစွမ်းနဲ့ဆိုရင်တောင်မှပဲ ဒီပွဲက ကြီးမားတဲ့ပွဲတစ်ပွဲလို့ ယူဆထားရမယ်။ အသင်းတွေက ဒီရာသီ အိုးထရက်ဖို့ဒ်မှာ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားအောက်ဘက်ခြမ်းက အသင်းတွေပါ။ ဒါပေမယ့် ထိပ်ပိုင်းက အသင်းတွေကတော့ အဲဒီကိုသွားကစားရင် ရုန်းကန်ရပါတယ်။
ထင်ရှားတာကတော့ ပြီးခဲ့တဲ့လက လီဗာပူးလ်က အဲဒီမှာ အက်ဖ်အေကွာတားဖိုင်နယ် ရှုံးပြီး လိဂ်ပွဲမှာတော့ သရေကျခဲ့တယ်။ ဒါက လီဗာပူးလ် ဆုဖလားပြိုင်ပွဲကနေ ဝေးကွာသွားခဲ့တာရဲ့ အစဖြစ်နိုင်ပါတယ်။ ခင်ဗျား ဘယ်တော့မှ အိုးထရက်ဖို့ဒ်က ပွဲကို လျှော့တွက် လို့မရပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။