မန်ချက်စတာ ယူနိုက်တက် အတွက် အရမ်းကောင်းပြီး ရွှေဖြစ်လာမယ့် တိုက်စစ်သမား တစ်ဦးကို အရ ခေါ်ဖို့ ဆာဟာ တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း လူးဝစ်ဆာဟာက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ အာဆင်နယ်ရဲ့ ပစ်မှတ် ဖြစ်တဲ့ အလက်ဇန်းဒါး အိုင်ဆက်ကို အရ ခေါ်ယူဖို့ ကြိုးပမ်းရန် တိုက်တွန်းသွားခဲ့ပါတယ်။

အိုင်ဆက်ဟာ ဒီရာသီမှာလည်း နယူးကာဆယ် အတွက် ခြေစွမ်းပြလျက် ရှိနေတာကြောင့် အာဆင်နယ် အပါအဝင် အသင်းကြီးတွေရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်နေပါတယ်။

အသက် ၂၄ နှစ်အရွယ် ဆွီဒင်စတားဟာ ဒီရာသီ နယူးကာဆယ် အတွက် ၂၄ ပွဲမှာ ပရီးမီးယားလိဂ်ဂိုး ၁၇ ဂိုးထိ သွင်းယူထားခဲ့ပါတယ်။

အာဆင်နယ် တော့တင်ဟမ် တို့ဟာ အိုင်ဆက်ကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းရန် ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့်လည်း ဆာဟာကတော့ အိုင်ဆက်ကို ခေါ်ယူဖို့ ကြိုးပမ်းတဲ့ နေရာမှာ ယူနိုက်တက်လည်း ပါဝင်လာစေချင်နေပါတယ်။

ဆာဟာက “အိုင်ဆက် က ထိပ်တန်းကစားသမား တစ်ဦး ဖြစ်ကာ ဒီရာသီ သူ့ရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ချိတ်ဆက် ကစားပုံက တအားကို ကောင်းတာပါ။

သူက ထက်မြက်စွာ ကစားနေပြီး ဘယ်တောင်ပံ ညာတောင်ပံကနေ သူ့ဘာသာသူ အခွင့်အရေးတွေ ဖန်တီးနိုင်သူ ဖြစ်ပါတယ်။ သူ့ဆီမှာ အရည်အသွေး များစွာ ရှိနေပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ပေါင်းစပ်မှုပါပဲ။

အိုင်ဆက် က အရပ်မြင့်တဲ့ တိုက်စစ်မှုး ဖြစ်တာကြောင့် ပင်နယ်တီ ဧရိယာထဲမှာ target man အဖြစ် ကောင်းကောင်း ကစားနိုင်ပါတယ်။ ဒါပေမယ့် သူဟာ အခြား တိုက်စစ်မှုးတွေ တောင်ပံ ကစားသမားတွေနဲ့ သေချာပေါက် တွဲဖက်ကစားနိုင်သူ ဖြစ်ပြီး ဒါကို ဒီရာသီမှာ သက်သေပြထားခဲ့ပါတယ်။

အကယ်လို့များ နွေရာသီမှာ သူ အသင်းပြောင်း ဖြစ်ခဲ့မယ်၊ မန်ယူက ခေါ်နိုင်ခဲ့မယ် ဆိုရင် ကျနော် ကတော့ သူဟာ မန်ချက်စတာယူနိုက်တက် အတွက် အရမ်းကိုကောင်းတဲ့ အားဖြည့်မှု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နယူးကာဆယ် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကြောင့် နွေရာသီမှာ ကစားသမား တစ်ချို့ကို ထုတ်ရောင်းဖို့ လိုအပ်နိုင်ပါတယ်။