ဘန်လေနဲ့ သရေပွဲ အပြီး ဒိုင်တွေရဲ့ မမျှတမှုနဲ့ ဆုံးဖြတ်ချက်တွေ အပေါ် လက်ညှိုးထိုးသွားတဲ့ အဲရစ်တန်ဟက်
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက် က မန်ယူအသင်းအနေနဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်များနဲ့ ပတ်သက်ပြီး ကံမကောင်းခဲ့တာ ကြာပါပြီလို့ ဘန်လေကို သရေကျတဲ့ ပွဲစဉ်အပြီးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ ပွဲစဉ်မှာ အိမ်ရှင် ယူနိုက်တက်က အန်တိုနီရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာပဲ ပင်နယ်တီကန်ခွင့် ပေးလိုက်ရပြီး ချေပဂိုးပါ ပေးလိုက်ရရင်း အမှတ်လည်း ခွဲပေးလိုက်ရပါတယ်။

ဒါ့အပြင် ပင်နယ်တီ ဧရိယာထဲ ဘန်လေကစားသမားတစ်ဦး လက်ထိခဲ့ပေမယ့်လည်း အဲ့ဒီအတွက် ယူနိုက်တက်က ပင်နယ်တီ မရခဲ့ပဲ လစ်လျူရှုခံခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဆုံးကစားထားခဲ့တဲ့ ပွဲစဉ်တွေထဲ ပင်နယ်တီ သတ်မှတ်ပေးရမှုတွေလည်း အကြိမ်ရေ အလွန်များနေရခြင်းကိုလည်း ယူနိုက်တက်နည်းပြ တန်ဟက် က စိတ်ပျက်နေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တန်ဟက် က “မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဒိုင်လူကြီးများရဲ့ ဆုံးဖြတ်ချက်များနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကံကောင်းခြင်း မရှိပါဘူး။”
“ဒီရာသီမှာလည်း ကျွန်တာ်တို့တွေ ပင်နယ်တီတွေကို အများအပြား သတ်မှတ်ပေးထားရပါသေးတယ်။ အခု ပင်နယ်တီက ပေးလိုက်ရတာက မျှတမှု ရှိပေမယ့် တခြားဟာတွေမှာတော့ မမျှတတာတွေ ရှိပါတယ်။ ဧရိယာထဲမှာ ဝမ်ဘစ်ဆာကာ လက်ထိတော့ ပင်နယ်တီ သတ်မှတ်ခံရတယ်
“ပြိုင်ဘက် ကစားသမားတစ်ဦးက ဧရိယာထဲမှာ လက်ထိတော့ ပင်နယ်တီ မသတ်မှတ်ခံရပါဘူး။ ညီမျှတဲ့ ဆုံးဖြတ်ချက်ချမှုတွေက ဘယ်မှာလဲ။” လို့ မေးခွန်းထုတ်လိုက်ပါတယ်။
ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်တို့က ပွဲစဉ်တွေကို အကောင်းဆုံး ကစားနိုင်ခဲ့တယ် ၊ အခွင့်အရေးတွေ အများကြီး ဖန်တီးပြီးတော့ ဦးဆောင်နေတဲ့ အခြေအနေထိ ရောက်ပြီးတော့မှ”
“ပွဲပြီးခါနီးမှပဲ ဒါတွေအားလုံးကို စွန့်လွတ်ရတာက အတော်လေး စိတ်ပျက်စရာပါ။ ဒီအတွက်လည်း အကုန်လုံး ကိုယ့်ကိုကိုယ် သေချာပြန်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ပွဲကို အပြည့်အဝ စိုးမိုးထား ထိန်းချုပ်ထားပြီးမှ ဒါတွေအားလုံးကို လက်လွတ်လိုက်ရတာက အလွန် စိတ်ပျက်ဖို့ကောင်းပါတယ်။” လို့ တန်ဟက် က ပြောဆိုသွားခဲ့ပါတယ်။