ယူရိုပါ ကွန်းဖရင့်လိဂ်ကိုတောင် ခြေစစ်ပွဲကနေ ဝင်ရမယ့် အခြေစိုက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘန်လေနဲ့ သရေပွဲ

မန်ချက်စတာ ယူနိုက်တက်ရဲ့ပွဲတွေမှာ တစ်ယောက်မဟုတ် တစ်ယောက် ထဖောက်လေ့ရှိတဲ့ ထုံးစံအတိုင်းပဲ ဒီအပတ် ဘန်လေနဲ့ပွဲမှာ အလှည့်ကျသူက ကတ်စ်မဲရိုး ဖြစ်ခဲ့ပါတယ်။

ပယ်နယ်တီ ဧရိယာအတွင်း မရှင်းလင်းတဲ့အနေအထားမှာ အိုနာနာဆီ ခေါင်းတိုက်ပြီးတော့ ဘောလုံး ပြန်ချပေးဖို့ ကတ်စ်မဲရိုး ဘယ်လိုများ ဆုံးဖြတ်လိုက်တာလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး။

အိုနာနာလည်း အမှားမကင်းဘဲ သူ စိတ်စောပြီး မလိုအပ်ဘဲ ဘောလုံး ထွက်ပုတ်ခဲ့တာကနေ ဘောလုံးမထိဘဲ ပြိုင်ဘက်ကို လက်သီးနဲ့ထိုးမိလို့ ယူနိုက်တက် ပယ်နယ်တီပေးခဲ့ရတာပဲဖြစ်ပါတယ်။

တန်းဆင်းဇုန်ထဲက ဘန်လေအသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာဖြစ်ပေမဲ့ ယူနိုက်တက်ရဲ့ စုတ်ပြတ်နေတဲ့ ခြေစွမ်းကြောင့် သရေတစ်မှတ်တော့ အနည်းဆုံးခွဲယူမယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ပွဲထွက်ခဲ့ပြီး အမှန်တကယ်လည်း ၁ မှတ်တင်မဟုတ်ဘဲ ၃ မှတ်အပြည့် ရသွားနိုင်တဲ့အနေအထားဖြစ်ခဲ့ပါတယ်။

ဘန်လေအသင်းက အိုဒိုဘာ့တ်ရဲ့ အပြင်းကန်ချက်၊ တိုက်စစ်မှူးဖော်စတာရဲ့ အနီးကပ်ခေါင်းတိုက်ချက်နဲ့ လွတ်လွတ် ကျွတ်ကျွတ် ကန်ခွင့်ရတာတွေကို အိုနာနာ ကာကွယ်နိုင်လို့သာ ယူနိုက်တက် ကံကောင်းခဲ့တာပါ။

ယူနိုက်တက်အသင်းကလည်း ဂိုးသွင်းခွင့်တွေရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ် အပိုင်ကန်ချက်က တိုင်ထိထွက်ခဲ့သလို ကျန်တဲ့အခွင့်အရေးတွေကို ဘန်လေဂိုးသမား မူရစ်ချ် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်အဖျက် မရှိဘဲ ကစားသလိုဖြစ်နေတာကြောင့် ကွင်းလယ်မှာ တစ်ဧကလောက် Space တွေဖြစ်ပြီး ဘန်လေအသင်းတိုက်စစ်ဆင်လာတိုင်း ဘောလုံးဖျက်မဲ့သူ မရှိတဲ့အတွက် ယူနိုက်တက် ပယ်နယ်တီဧရိယာနားအထိရောက်ခဲ့ပါတယ်။

၇၉ မိနစ်မှာ ဘန်လေကွင်းလယ်လူ ဆန်ဒါဘာ့ချ် လူပေးမှားတာကနေ အန်တိုနီ ဘောလုံးဆွဲပြေးပြီးတော့ ဘယ်ခြေနဲ့ပိတ်သွင်းခဲ့တာကြောင့် ယူနိုက်တက် အဖွင့်ဂိုးရခဲ့ပါတယ်။

ဒီဂိုးဟာ အန်တိုနီအတွက် ဒီရာသီ ပရီးမီးယားလိဂ် ၂၇ ပွဲကစားအပြီးမှာ ပထမဆုံးသွင်းယူခဲ့တဲ့ဂိုးဖြစ်ပြီး အခုပွဲမှာ အန်တိုနီတစ်ယောက် ရုန်းအားကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ၈၇ မိနစ်မှာ အိုနာနာကြောင့် ယူနိုက်တက် ပယ်နယ်တီပေးခဲ့ရပြီး အမ်ဒူနီက အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ၁-၁ ဂိုးစီ သရေနဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ အန်တိုနီရဲ့ကန်ချက်က ဘန်လေနောက်ခံလူ ဗီတင်ညိုလက်နဲ့ဘောလုံးထိခဲ့ပေမဲ့ ဗီတင်ညိုရဲ့လက်အနေအထားက သဘာဝအတိုင်း အနေအထားမှာ ရှိတယ် ဆိုပြီး ကွင်းလယ်ဒိုင် ဂျွန်ဘရွတ်စ်က ပယ်နယ်တီမပေးခဲ့ပါဘူး။

အခုသရေပွဲကြောင့် ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် အဆုံးသတ်ခဲ့ရသလို ယူရိုပါလိဂ်ဝင်ခွင့်ရဖို့တောင် မသေချာသေးဘဲ ကံဆိုးရင် ယူရိုပါ ကွန်းဖရင့်လိဂ် ကို ခြေစစ်ပွဲကနေ ကစားရမဲ့အနေအထားအထိဖြစ်သွားနိုင်ပါတယ်။