မန်ယူနဲ့ ပွဲ အတွက် လန့်နေတဲ့ ဂန်းနားများ၊ အိုးထရက်ဖို့ဒ်မှာ အပီကြိတ်ဖို့ စောင့်နေမယ့် တန်ဟက်နဲ့ အသင်းသားများ
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရက်က တော့တင်ဟမ် စပါးအသင်းကို ခက်ခက်ခဲခဲ အနိုင်ယူလိုက်ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံ လမ်းကြောင်းမှာ ဆက် ရှိနေပါတယ်။
ဒီရာသီ ပြီးဆုံးဖို့ အာဆင်နယ် အသင်းဟာ မန်ယူနဲ့ ပွဲ အပါအဝင် ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားဖို့ ကျန်ရှိပြီး ထိုပွဲ အားလုံး အနိုင်ရအောင် ကန်ကာ မန်စီးတီး အမှတ်လျော့မယ့် အခွင့်အရေးကို စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

အာဆင်နယ်က လာမယ့် စနေနေ့မှာ ဘုန်းမောက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အဲဒီနောက် အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို သွားရောက် ရင်ဆိုင်ရမှာပါ။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ မှာတော့ အဲဗာတန်ကို အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အာဆင်နယ်ရဲ့ လက်ကျန် ပွဲတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့မယ့် ပွဲက အခက်ဆုံး၊ စိန်ခေါ်မှု အကြီးဆုံး ဖြစ်မယ်လို့ သုံးသပ် ရွေးထုတ်ခဲ့ပါတယ်။
” စပါးနဲ့ ပွဲက အာဆင်နယ် အတွက် အခက်ခဲဆုံး ပွဲ ဖြစ်မှာ မဟုတ်ဘူး။ လက်ကျန်ပွဲထဲ အခက်ခဲဆုံး ပွဲက မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲပဲ ဖြစ်မှာ။
သူတို့က အာဆင်နယ်နဲ့ တွေ့ရင် လုံးဝ ခြေစွမ်းကောင်းသွားတော့တာ။ ဘာကြောင့်လဲတော့ မသိဘူး၊ သူတို့ သွားမေးရမှာပဲ။ ဒါပေမယ့် အာဆင်နယ် အတွက်ကတော့ သူတို့ဆီ သွားကစားရရင် ခြေစွမ်းပြဖို့ အခက်တွေ့လေ့ ရှိတယ်။ အဲဒီပွဲက သူတို့အတွက် အခက်ခဲဆုံး စိန်ခေါ်မှု ဖြစ်မှာပဲ။ ” လို့ ပေါမာဆန်က ဆိုပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ အမ်းမရိတ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ နည်းပြ တန်ဟက်နဲ့ ယူနိုက်တက် အသင်းသားတွေကတော့ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ အသည်းခွဲဖို့ စောင့်ကြိုနေမှာပါ။