မန်ယူ နည်းပြသစ် ဖြစ်လာဖို့ နီးစပ်လာတဲ့ တူချယ်၊ အသင်း တာဝန်ရှိသူတွေကလည်း ချိတ်ဆက် ဆွေးနွေးနေပြီ

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြအပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေရာ ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ် တူချယ်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက် တာဝန်ရှိသူတွေက တူချယ် နဲ့ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း သတင်းဌာန အချို့ က ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက် လက်ရှိ နည်းပြ အဲရစ် တန်ဟက် ရဲ့ စာချုပ်က လာမယ့် ဘောလုံးရာသီ အကုန်မှ ကုန်ဆုံးဖို့ ရှိနေပေမယ့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOS က အသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ ရှိနေတဲ့ လူဟောင်းတွေ အကုန်လုံးကို ရှင်းထုတ်ချင်နေတာကြောင့် တန်ဟက် ရဲ့ အနာဂတ်က မရေမရာ ဖြစ်နေပါတယ်။

တန်ဟက် က ယူနိုက်တက်နည်းပြဘဝ ၂ရာသီ အတွင်းမှာ ကာရာဘောင်းဖလား ၁လုံး ရယူပေးထားသလို အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ ၂ကြိမ်တိုင်တိုင် ပို့ဆောင်ပေးထားပေမယ့် ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် INEOSရဲ့ တာဝန်ရှိသူတွေက တန်ဟက် ဟာ အသင်းကို အောင်မြင်မှုတွေဆီ ပို့ဆောင်ပေးနိုင်ပါ့မလား ဆိုတာကို သံသယဝင်နေပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်ဟာ နည်းပြသစ် အဖြစ် ခန့်အပ်နိုင်မယ့် အရည်အသွေးမြင့် နည်းပြတွေကို စာရင်းပြုစုနေပြီး ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ရာသီကုန်ရင် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲတော့မယ့် သောမတ်စ် တူချယ် လည်း ပါဝင်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဆန်တီ အာဝါနာရဲ့ ဖော်ပြချက်အရ INEOSရဲ့ တာဝန်ရှိသူတွေက အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်သလို ချယ်လ်ဆီးကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ တူချယ် ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ တွေးထားကြပြီး သူတို့က တူချယ်ရဲ့ အေးဂျင့်နဲ့ တရားဝင် ဆွေးနွေးမှုတွေပါ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့ သတင်းဌာနတွေကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ သောမတ်စ် တူချယ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားကြသလို တူချယ် ကလည်း ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်ချင်နေကြောင်း ဖော်ပြထားကြတာကြောင့် တူချယ် ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း အတော်လေး များပြားနေပြီလို့ ဆိုရပါမယ်။