အိုနာနာ၊ ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ် အပါဝင် မန်ယူ တစ်သင်းလုံး နီးပါး ရောင်းထုတ်ချင်နေတဲ့ INEOS အဖွဲ့

မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမဲ့နွေရာသီ အပြောင်းအရွှေ့ကျရင် မရှိမဖြစ်အရေးပါတဲ့ ကစားသမား ၃ ဦးကလွဲရင် ကျန်တဲ့ တစ်သင်းလုံးကို အရောင်းစာရင်း တင်ဖို့ စီစဉ်နေတယ်လို့ သတင်း ထွက်လာပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သူ ရက်ကလစ်ဖ်နဲ့ မကြာခင် CEO ဖြစ်လာမဲ့ အိုမာဘာရာဒါတို့ဟာ ရာသီကုန်ကျရင် အသင်းလူစာရင်းကို ပြတ်ပြတ်သားသား ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေး စည်းမျဉ်းတွေကြောင့် ငွေကြေးအကန့်အသတ်နဲ့သာ အသုံးပြုရမှာဖြစ်တဲ့အတွက် ကစားသမားသစ်ခေါ်ချင်တယ်ဆိုရင် လက်ရှိကစားသမားတွေကို ရောင်းချ ငွေရှာရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် အဆုံးသတ်သွားပြီဖြစ်လို့ INEOS အဖွဲ့က ကစားသမား တော်တော်များများကို ရောင်းချသွားဖို့ရှိပြီး နည်းပြအဲရစ်တန်ဟက်ရဲ့ အနာဂတ်ကလည်း မသေချာသေးပါဘူး။

ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ သင့်တော်တဲ့ကမ်းလှမ်းမှုရမယ်ဆိုရင် ဘယ်သူ့ကိုမဆို ရောင်းချသွားမှာဖြစ်ပြီး အဲဒီထဲမှာ အိုနာနာ၊ ဘရူနိုဖာနန်ဒက်စ်၊ ရပ်ရှ်ဖို့ဒ် တို့လည်း ပါဝင်နိုင်တယ်လို့ ဗြိတိန်သတင်းစာ တယ်လီဂရပ်ဖ် က ခန့်မှန်းဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် တယ်လီဂရပ်ဖ် သတင်းစာရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အနာဂတ်မှာ လူငယ်တွေနဲ့အတူ အောင်မြင်မှုရအောင် တည်ဆောက်သွားချင်တာကြောင့် အသင်းလူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဂါနာချို၊ ကိုဘီမင်နူး၊ ဟွိုင်လန်းတို့ကို ဆက်ထိန်း ထားဖို့ရှိတယ်လို့ သိရပါတယ်။