မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာနိုင်ကြောင်း အံ့အားသင့်ဖွယ် လေသံထွက်လာတဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ လာမဲ့နွေရာသီကျရင် အသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့ ဖွင့်ဟပြောဆိုခဲ့တာကြောင့် ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့အတွင်း စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ပေါင် ၆၇ သန်းနဲ့ရောက်ရှိခဲ့ပြီး အသင်းအတွက် စတင်ပွဲထွက်ခွင့်ရချိန်ကတည်းက ဒီရာသီအထိ အဓိက,ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေပါတယ်။

ယူနိုက်တက်ကစားသမားဘ၀ ၅ ရာသီအတွင်း ဘရူနိုဖာနန်ဒက်စ်က ပွဲပေါင်း ၂၃၀ ကစား၊ ၇၉ ဂိုးသွင်းခဲ့သလို ပြီးခဲ့တဲ့ရာသီက အသင်းအတွက် လိဂ်ဖလားချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ စိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် အဆုံးသတ်ခဲ့ရတာကြောင့် ဘုတ်အဖွဲ့က လာမဲ့နွေရာသီကျရင် ကစားသမားအများစုကို ရောင်းချသွားဖို့ ပြင်ဆင်နေပြီး အဲဒီထဲမှာ ဘရူနိုဖာနန်ဒက်စ်လည်း ပါဝင်ဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။

အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်မှာ ဆက်ရှိနေဖို့ဆိုရင် အသင်းကလည်း သူ့ကို အလိုရှိမှဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီရုပ်သံမီဒီယာဖြစ်တဲ့ DAZN နဲ့ အင်တာဗျူးမှာ ဘရူနိုဖာနန်ဒက်စ်က “အခုလောလောဆယ် ကျွန်တော် တခြားဘာကိုမှ မစဉ်းစားသေးပါဘူး။ ကျွန်တော့်ရဲ့အနာဂတ်က ကိုယ့်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး . . .”

“ကစားသမားတစ်ယောက်ဟာ အသင်းတစ်သင်းမှာ ဆက်ကစားချင်ရင်တောင် အဲဒီအသင်းက သူ့ကို အလိုရှိမှဖြစ်မှာပါ။ အခုအချိန်မှာတော့ ယူနိုက်တက်နဲ့ကျွန်တော့်ကြားမှာ အခြေအနေက ဘာမှမပြောင်းလဲသေးပါဘူး . .”

“မဖြစ်မနေ အမှန်အတိုင်း ဖြေရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ဆက်မကစားတော့ဘူးလို့ ကျွန်တော်တွေးမိရင်တောင် ယူရိုပြိုင်ပွဲ အပြီးမှပဲ ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်သွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ FA ဖလားဗိုလ်လုပွဲနဲ့ ယူရိုပြိုင်ပွဲအတွက်ပဲ အဓိကအာရုံစိုက်ထားပြီး အဲဒီနှစ်ခုထက် အရေးကြီးတာ အခုလောလောဆယ် ဘာမှမရှိသေးပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့လက်ရှိစာချုပ်က ၂၀၂၆ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ပြည့်တဲ့အချိန်ကျရင် နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ရှိတယ်ဆိုတဲ့ သဘောတူညီချက်လည်းပါဝင်ပါတယ်။