ခပ်ရေးရေး ရှိနေသေးတဲ့ ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အပြီး ရိုက်ချိုးသွားတဲ့ ဆန်ချို
ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲမှာ ဂျေဒန် ဆန်ချိုရဲ့ အထူး ခြေစွမ်းပြမှုကြောင့် ဒေါ့မွန်တို့ နိုင်ပွဲရအပြီးမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ နောက်ရာသီ ချန်ပီယံဝင်ခွင့် မရနိုင်ဖို့က သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဂျာမနီကလပ်ဖြစ်တဲ့ ဒေါ့မွန်ဟာ ဆန်ချိုရဲ့ ဦးဆောင်မှုနဲ့အတူ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ၁-၀ ဖြင့် အနိုင်ရကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို ဦးဆောင်နေခဲ့ပါပြီ။ ဒီနိုင်ပွဲကပဲ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တွေကို အတည်တကျ ဖြစ်စေခဲ့ပါတယ်။

ပြိုင်ပွဲပုံစံ အပြောင်းအလဲကြောင့် ထိပ်တန်း လိဂ် ၂ ခုက ကလပ် ၅ သင်းထိ ချန်ပီယံလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ခွင့်ရဖို့ ရှိနေကာ အီတလီ၊ ဂျာမနီနဲ့ အင်္ဂလန်တို့ အပြိုင် ကြိုးစားနေတာပါ။
မနက်က ဒေါ့မွန် နိုင်ပွဲကြောင့် ဂျာမနီလိဂ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ၅ သင်းနေရာအတွက် အီတလီလိဂ်နဲ့အတူ ပူးတွဲ ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကတော့ လာမယ့်ရာသီမှာ အဆင့် ၄ ထိ ၄ သင်း အထိပဲ ပါဝင်ခွင့်ရပါတော့မယ်။ ဒါကြောင့် အဆင့် ၅ နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ မျှော်လင့်နေသေးတဲ့ ယူနိုက်တက် ကို အပြီးသတ် ထိုးနှက်ချက် ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်တွေ လုံးဝ ပြီးဆုံးသွားခဲ့ကာ တန်ဟက်ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် အဆင့် ၅ နေရာကို စိန်ခေါ်နေဆဲ ဖြစ်ပေမယ့် ယူရိုပါလိဂ် တစ်နေရာအတွက်ပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။