အပြောင်းအရွှေ့ ကာလတိုင်း မန်ယူက ကစားသမား အယောက် ၂ဝဝ လောက်နဲ့ သတင်းထွက်တယ် ဆိုတဲ့ တန်ဟက်ရဲ့ စိတ်ပျက်ဖွင့်ဟသံ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်က သူတို့အသင်းနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ ကောလဟာလတွေအပေါ် စိတ်ပျက်လာခဲ့တာကြောင့် ဈေးကွက်တိုင်းမှာ သူတို့အသင်းဟာ ကစားသမား အယောက်(၂၀၀)လောက်နဲ့ သတင်းထွက်နေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

တကယ်တမ်းလည်း ယူနိုက်တက်အသင်းဟာ ဈေးကွက်တိုင်းလိုလိုမှာ ဘယ်ကစားသမားကို ချိန်ရွယ်နေပြီ ၊ ပစ်မှတ်ထားနေပြီ၊ စောင့်ကြည့်နေပြီ စသဖြင့် အပြောင်းအရွှေ့ဆိုင်ရာ ကောလဟာလသတင်းတွေ အများဆုံး ထွက်ပေါ်တက်ပါတယ်။

လက်ရှိမှာလည်း ယူနိုက်တက်က ခေါ်ယူချင်နေတဲ့ ကစားသမားတွေနဲ့ ပတ်သက်တဲ့ ကောလဟာလသာမကပဲ အသင်းရဲ့ အဓိက ကစားသမားတွေကိုပါ ရှင်းထုတ်သွားတော့မယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်နေခြင်းအပေါ် နည်းပြတန်ဟက်က ပြန်လည် ဖြေရှင်းလာခဲ့ပါတယ်။

ယူနိုက်တက်က လက်ရှိအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်တောင်မှ အသင်းကနေ ရောင်းချသွားနိုင်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ပြီးနောက် ဖာနန်ဒက်စ်ကိုယ်တိုင် ပြန်ဖြေရှင်းခဲ့ပြီး အခု တန်ဟက်က ဒီအကြောင်းတွေကို တုံ့ပြန်လာခဲ့ပါတယ်။

“ကျွန်တော်တို့အသင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်နေတဲ့ ကစားသမားတွေကို အသင်းကနေ ရောင်းချသွားမှာ မဟုတ်ပါဘူး။ ထွက်ပေါ်နေတဲ့ ကောလဟာလတွေက ပြက်လုံးသာသာပဲ ရှိပါတယ်။

နောက်ပြီး ကျွန်တော်တို့အသင်းက ဈေးကွက်ဖွင့်တိုင်းမှာလည်း ကစားသမား အယောက် (၂၀၀)လောက်ကို စိတ်ဝင်စားနေတယ်လို့ သတင်းက ထွက်သေးတယ်။

ပြီးတော့ တစ်သင်းလုံးနီးပါးကိုလည်း အသင်းကနေ ရောင်းချသွားတော့မယ်ဆိုပြီးလည်း သတင်းတွေ ထွက်သေးတယ်။ သတင်းထောက်တွေက ဒီပုံစံနဲ့ သတင်းတွေကို ခေါင်းကြီးပိုင်းသတင်းဖြစ်အောင် လုပ်တက်ကြတယ်။ အဲ့ဒီလို ဖန်တီးပြီးရင်တော့ ဖန်တီးလိုက်တဲ့သူမှာ တာဝန်အပြည့်ရှိပါတယ်။” လို့ တန်ဟက် က ပြောဆိုလိုက်ပါတယ်။