ဆာဂျင် ရက်ကလစ်ဖ် အပါအဝင် မန်ယူ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တည့်တိုး စကားပြောတော့မယ့် ရက်ရှ်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့အိုးလ်ထရက်ဖို့ဒ်အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်ဖို့အတွက် အသင်းပိုင်ရှင်သစ် ဆာဂျင် ရက်ကလစ်ဖ် အပါအဝင် အသင်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီတစ်ပတ်အတွင်းမှာတော့ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းကို အပြောင်းအလဲ အများအပြား ပြုလုပ်ဖို့ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်းနဲ့ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုလည်း ပေါင်သန်း ၈၀ ခန့်နဲ့ ရောင်းချသွားဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။

အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ရာသီက အဲရစ်တန်ဟက်ရဲ့အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ အထိသွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ဂိုးရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ကစားသမားဟာ လက်ရှိအချိန်အထိ ဒီရာသီမှာ ၈ ဂိုးသာ သွင်းယူထားနိုင်ပြီး ကွင်းတွင်းကွင်းပြင်ပြဿနာတွေနဲ့လည်း ကြုံတွေ့ထားရတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသော်လည်း ပီအက်စ်ဂျီက ခေါ်ယူဖို့ စိတ်ဝင်နေစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အခြားသတင်းတွေမှာတော့ ယူနိုက်တက်ရဲ့တွဲဖက်ပိုင်ရှင်အသစ်တွေက အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားကို အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်ထိန်းသိမ်းဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုလို ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့်လည်း ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီရာသီအတွင်း အသင်းနည်းပြ တန်ဟက်နဲ့ အကွဲအပြဲဇာတ်လမ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အရေးရလာနိုင်တယ်လို့ ကလပ်ဘက်က ယူဆထားပါတယ်။

တန်ဟက်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ ယခုနှစ် ဇန်နဝါရီလမှာ အနည်းငယ် ဆက်ဆံရေးပြိုကွဲခဲ့တာဖြစ်ပြီး ထိုစဉ်က ကစားသမားဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ကာ နိုက်ကလပ်သွားခဲ့တာကြောင့် တန်ဟက်က ရက်ရှ်ဖို့ဒ်ကို နယူးပို့ကောင်တီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ တန်ဟက်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေပုံပေါ်နေပေမယ့် ယခုကျင်းပမယ့် အစည်းအဝေးအပြီးမှာတော့ ယူနိုက်တက်အနေနဲ့ တောင်ပံကစားသမားကို အသင်းမှာ ဆက်လက်ထားရှိမလား ရောင်းချသွားမလား ဆုံးဖြတ်ချက် တစ်ခုခုကိုတော့ ရှင်းရှင်းလင်းလင်းမြင်တွေ့ရဖွယ်ရှိနေပါတယ်။