တန်ဟက်ကို ထည့်မစဉ်းစားဘဲ နောက်ရာသီ ဘယ်အသင်းမှာ ရှိချင်လဲ ဆုံးဖြတ်လိုက်ပြီ ဖြစ်တဲ့ ဆန်ချို

ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်တွင် အငှားဖြင့် ကစားနေတဲ့ မန်ယူ တိုက်စစ်သမား ဆန်ချိုဟာ သူ့ရဲ့ မန်ချက်စတာယူနိုက်တက်အနာဂတ်နှင့်ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချလာခဲ့ပြီ ဖြစ်ပါတယ်။

ဆန်ချိုဟာ စက်တင်ဘာလတုန်းက နည်းပြ အဲရစ်တန်ဟက်နှင့် လူသိရှင်ကြား ပြဿနာတက်ပြီးနောက် ယူနိုက်တက်အနာဂတ် မရေမရာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ သူ့ကို လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်ကျဆင်းနေကြောင်း ဝေဖန်ခဲ့တဲ့ အဲရစ်တန်ဟက်အား လူသိရှင်ကြားပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယင်းလုပ်ရပ်ကြောင့် ဆန်ချိုဟာ ပထမအသင်းမှ ဖယ်ရှားခံခဲ့ရပြီး အကယ်ဒမီကစားသမားများနှင့် လေ့ကျင့်ခန်းဆင်းခဲ့ရကာ ဇန်နဝါရီလတွင် အသင်းဟောင်း ဒေါ့မွန်သို့ အငှားဖြင့် ထွက်ကစားခဲ့ရပါတယ်။

ဒါပေမဲ့ အသက် ၂၄ နှစ်ရှိ ဆန်ချိုဟာ အသင်းဟောင်းသို့ ပြန်လည် ရောက်ရှိပြီးနောက် အကောင်းဆုံးပုံစံပြန်လည် ရရှိလာပြီး ဒေါ့မွန်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်နိုင်အောင် ကူညီထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ကြားရက်တုန်းက ပီအက်စ်ဂျီကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ယခုအခါ ဆန်ချိုဟာ နောက်ရာသီ ဘယ်အသင်းမှာ ရှိမလဲ၊ သူ့ရဲ့ ယူနိုက်တက်အနာဂတ်အား ဆုံးဖြတ်ချက်ချလာပြီ ဖြစ်ပါတယ်။

Sky Sports Germany ရဲ့ ဖော်ပြမှုအရ ဆန်ချိုဟာ ယူနိုက်တက်တွင် အဲရစ်တန်ဟက် ဆက်ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ပြန်တော့မှာ မဟုတ်ဘဲ ဒေါ့မွန်တွင် ပျော်ရွှင်နေကာ ဒေါ့မွန်မှာပဲ ဆက်ကစားလိုနေကြောင်း သိရပါတယ်။

ဒေါ့မွန်ဟာ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၄၀ ဝန်းကျင်ရှိမည်ဖြစ်ရာ အငှားဖြင့်ပင် ဆက်လက် ခေါ်ယူဖို့ ရှိနေပါတယ်။