ဘရိတ်ဝိတ် အတွက် ဝါရင့် နောက်ခံလူ မက်ဂွဲရားကို စတေးလိုက်ဖို့ စဉ်းစားလာတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ယူအသင်းဟာ အဲဗာတန် အသင်းနောက်ခံလူ ဘရိတ်ဝိတ်ကို ခေါ်ယူဖို့အတွက် ဝါရင့် နောက်ခံလူ မက်ဂွဲရားကို အလိုက်ပေး ကမ်းလှမ်းဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။
လက်ရှိရာသီ အဲဗာတန်အသင်းအတွက် အထူးခြေစွမ်းပြသနေတဲ့ အဆိုပါ လူငယ်ကြယ်ပွင့်အတွက် အဲဗာတန် အသင်းက ပေါင် သန်း ၇၀ ဝန်းကျင် တောင်းဆိုထားတာကြောင့် မန်ယူအသင်းက မက်ဂွဲရားကို အလိုက်ပေးဖို့ စဉ်းစားလာတာပါ။

မန်ယူအသင်းပိုင်ရှင်သစ် ဆာဂျင် ရက်ကလစ်ဖ်လက်ထက် အသင်းရဲ့ ထိပ်တန်းပစ်မှတ်စာရင်းထဲ ပါဝင်နေတဲ့ ဘရိတ်ဝိတ်ဟာ ပရီးမီးယားလိဂ် အသင်းကြီးတိုင်းရဲ့ စောင့်ကြည့်ခြင်း ခံနေရပြီး အထူးသဖြင့် ချဲလ်ဆီးအသင်းကလည်း ၎င်းကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
မန်ယူအသင်းကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးထားတာကြောင့် ကစားသမားတွေကို ငွေပုံပေး ခေါ်ယူတာထက် အသင်းနဲ့ မကိုက်ညီတဲ့ ကစားသမားတွေကို အလိုက်ပေး ကမ်းလှမ်းခေါ်ယူဖို့သာ ကြိုးစားလာနိုင်ပြီး ၎င်းတို့ ခေါ်ယူလိုနေတဲ့ ကစားသမားတွေအတွက်လည်း ကျန် အသင်းတွေထက် ငွေပိုသုံးရဖွယ် ရှိနေပါတယ်။
တစ်ဖက်က အဲဗာတန်အသင်းကလည်း အသင်းဘဏ္ဍာရေးမျှခြေ စည်းမျဉ်းတွေနဲ့ ဒုက္ခရောက်နေတဲ့ အသင်းဖြစ်တာကြောင့် အသင်းရှိ အဓိက ကစားသမားအတော်များများကို ပြန်လည် ရောင်းချရမယ့် အနေအထားမှာ ရှိနေပြီး ဘရိတ်ဝိတ်အတွက် ငွေသားသီးသန့် ကမ်းလှမ်းမှုတွေကို ပိုမို အလိုရှိနေပါတယ်။
မက်ဂွဲရား ကတော့ မန်ယူ အသင်းမှာ ဒီရာသီ ခြေစွမ်းကောင်းတွေ ပြန်ပြနေပြီး အသင်း ဒဏ်ရာ ပြသနာတွေကြားမှာ ရှေ့ထွက် ဖြေရှင်းပေးနေသူပါ။ ဒါပေမယ့် အင်္ဂလန်သားကလည်း ကြွက်သား ဒဏ်ရာ ရသွားတာကြောင့် ရာသီကုန်ထိ နားရပြီ ဖြစ်ပါတယ်။