အဝေးကွင်းမှာ ပဲလေ့စ် ကို ၄ဂိုးပြတ် ရှုံးပြီး ယူရိုပါကွန်းဖရင့်လိဂ်တောင် မသေချာတော့ဘဲ အရှက်ကွဲခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပဲလေ့စ်နဲ့ပွဲမှာ အနိုင်ရမှ ဥရောပပြိုင်ပွဲ ကစားခွင့်နှင့်အတူ တစ်ရာသီလုံး အထိုင်ကျအောင် ကြိုးစားနေရတဲ့ ချဲလ်ဆီးအသင်းရဲ့ အထက်မှာ ရာသီသိမ်းနိုင်မှာ ဖြစ်လို့ အနိုင်ကစားဖို့ မဖြစ်မနေလိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က မထင်မှတ်လောက်အောင် ခြေစွမ်းစုတ်ပြတ်ခဲ့ပြီး ဆဲလ်ဟတ်ပါ့ခ်မှာ ပဲလေ့စ်ကို ၄ ဂိုးပြတ်နဲ့ ရှုံးခဲ့ပါတယ်။

မန်ယူ လူစာရင်းမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ ဘရူနို ဖာနန်ဒက်နေရာမှာ မေဆန် မောင့်ကို ဝင်ကစားစေခဲ့ပြီး အဓိက ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ ဗာရွန်းတို့လည်း ဒဏ်ရာရနေတာကြောင့်ခံစစ်မှာတော့ ကာစီမီရိုနဲ့ အီဗန်ကို ကစားစေခဲ့ပြီး ဘယ်ညာနောက်ခံ ခံစစ်အတွဲကိုတော့ ဝန်ဘစ်ဆာကာနဲ့ဒါလော့ကို အသုံးပြုခဲ့ပါတယ်။ တိုက်စစ်မှာတော့ ဟွိုင်လန်းကို အထောင်ထားကစားခဲ့ပါတယ်။

ပွဲစစချင်းမှာပဲ ပွဲကို ကြီးစိုးခဲ့တဲ့ ပဲလေ့စ်အသင်းဖြစ်နေပြီး ပွဲချိန် ၁၂ မိနစ်မှာ အိုလီဆေးရဲ့ ကန်ချက်ကို ဂိုးသမား အိုနာနာ ဒိုင်ဗင်ပစ်ပုတ်ပေမယ့် မရခဲ့ပဲ မန်ယူနိုက်တက်တို့ ဂိုး စပေးခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ ပဲလေ့စ်တိုက်စ်မှူး မာတက်တာက မန်ချက်စတာယူနိုက်တက်နောက်တန်းလူတွေကို တစ်ယောက်ပြီး တစ်ယောက်ဖြတ်ဆွဲယူသွားပြီး ဂိုးဧရိယာထဲ အရောက်မှာ အပြင်းကန်သွင်းယူခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ ပဲလေ့စ်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှ ချေပဂိုးရဖို့ မန်ယူနိုက်တက်အသင်းက ကြိုးစားခဲ့ပေမယ့် တကယ်တမ်းတိုက်စစ်ဆင်ဖိအားပေးခဲ့တာက ပဲလေ့စ်အသင်းပဲ ဖြစ်နေပါတယ်။

ခရစ္စတယ်ပဲလေ့စ်တိုက်စစ်ကို မန်ချက်စတာယူနိုက်တက်နောက်တန်းတွေ ဘယ်လိုမှ မထိန်းနိုင်ခဲ့ပေမယ့် ဂိုးသမား အိုနာနာ လက်စွမ်းပြ ကာကွယ်နေမှုကြောင့် ဂိုးထပ်မပေးရတာပဲ ဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ပဲလေ့စ်အသင်းရဲ့ ညာခြမ်းက ဖြတ်တင်ပေးပို့မှုကို ဒါလော့ဖျက်ထုတ်ပေးရမှာ ဘောလုံးက ဂိုးရှေ့တည့်တည့်မှာရှိတဲ့ ပဲလေ့စ်အသင်းကစားသမား မစ်ချဲလ်ကို ခင်းပေးလိုက်သလိုဖြစ်ပြီး ဒီပဲလေ့စ်နောက်ခံလူက အပိုင် ပိတ်သွင်းလိုက်တဲ့အတွက် ဂိုးသမား အိုနာနာလည်း ဘယ်လိုမှ မတတ်နိုင်တော့ပဲ ဂိုးပေးခဲ့လိုက်ရပါတယ်။

၃ ဂိုးပြတ်ရှုံးနေပြီးနောက် နည်းပြတန်ဟက်အနေနဲ့ ချေပဂိုး ပြန်သွင်းယူဖို့ထက် ဂိုးထပ်မပေးရအောင် ရည်ရွယ်လေသလား ထင်ရတဲ့ အန်တိုနီအစား အမ်မရာဘတ်ကို မိနစ် ၆၀ မှာ အံ့အားသင့်ဖွယ် လူစားလဲခဲ့ပါတယ်။

ဒါပေမယ့် ဂိုးထပ်ပေးလိုက်ရတာ မန်ချက်စတာယူနိုက်တက်ပဲ ဖြစ်ခဲ့ပြီး နည်းပြတန်ဟက် လူစားလဲပြီး ၆ မိနစ်အကြာ ၆၆ မိနစ်မှာတော့ နောက်တန်းမှာ ဘောလုံးပေးဖို့ တွေေဝေနေတဲ့ ကာစီမီရိုဆီက ဘောလုံးကို ပဲလေ့စ်ကွင်းလယ်ကစားသမား မူးနော့ဇ်က လုယူသွားပြီး အိုလီဆေးကို ထိုးပေးလိုက်ရာ အိုလီဆေးက ဂိုးဧရိယာအစပ်ကနေ အပြင်းကန်သွင်းခဲ့ရာ ဂိုးသမား အိုနာနာဘယ်လိုမှ မကာကွယ်နိုင်ပဲ စတုတ္ထဂိုးပေးခဲ့လိုက်ရပါတယ်။

တန်ဟက်က ပွဲချိန် မိနစ် ၈၀ မှာ မေဆန်မောင့်အစား ဒီယာလိုနဲ့ ဟွိုင်လန်းအစား အီသန် ဝှစ်တလေကို လူစားလဲခဲ့ပေမယ့် ချေပဂိုး တစ်ဂိုးတောင် ပြန်မသွင်းယူနိုင်ပွဲ ပွဲအပြီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယားမှာလည်း ချဲလ်ဆီးအသင်းအောက်မှာ ရပ်တည်ခဲ့ရပါတယ်။

ယခုအတိုင်းဆို ဥရောပပြိုင်ပွဲကစားခွင့်ရနိုင်ချေရှိတဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်ဝင်ခွင့်ကိုလည်း လက်လွှတ်ရဖို့ များသွားပြီဖြစ်တဲ့အတွက် နည်းပြတန်ဟက်ကြောင့် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ မျက်နှာ မဖော်ရဲလောက်အောင် ဖြစ်သွားခဲ့ရပါတယ်။