ပဲလေ့စ်ကို ရှုံးပေမယ့် အာဆင်နယ် အပါအဝင် လက်ကျန် ၃ပွဲကနေ ၉မှတ်ပြည့် ယူမယ် ဆိုတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ခရစ္စတယ်ပဲလေစ့်ကို အဝေးကွင်းမှာ ၄-၀ ဖြင့် ဂိုးပြတ် ရှုံးနိမ့်ပေမယ့် လက်ကျန် ၃ ပွဲကနေ ၉မှတ်ပြည့် ရယူမှာပါလို့ နည်းပြ တန်ဟက်က ဆိုလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ဥရောပဝင်ခွင့် ၁ နေရာကို အဆုံးသတ်လုနီးပါး ဖြစ်စေတဲ့ ဒီရှုံးပွဲကြောင့် အခုဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြီး ၆ ကြီးထဲမှာ နောက်ဆုံး နေရာကို ရောက်လာခဲ့ပါပြီ။

ယူနိုက်တက်က လက်ရှိ အမှတ်ပေးဇယားမှာ ချယ်ဆီးနောက်မှာတောင် ရှိနေပြီး အဆင့် ၈ နေရာမှာ ရှိနေကာ ဥရောပဝင်ခွင့် မှေးမှိန်လာနေပါတယ်။

ဒါပေမယ့် နည်းပြ တန်ဟက်ကတော့ လက်ကျန် ၃ ပွဲကနေ ၉မှတ်ပြည့် ယူကာ အပြောင်းအလဲ ပြန်လည်ဖော်ဆောင်ဖို့ အားခဲနေဆဲပါ။

တန်ဟက်က “ မန်ချက်စတာ ယူနိုက်တက်ဆိုတာ ပိုကောင်းကောင်းလုပ်နိုင်ရမယ့် အသင်းတစ်သင်းပါ။ ကစားလို့ရတဲ့ အသင်းသားတွေကလည်း ဒီထက်ပိုကောင်းသင့်ပါတယ်။

ပဲလေစ့်နဲ့ ပွဲကတော့ ရှုံးသင့်ပါတယ်။ စွမ်းဆောင်ရည်က မျှော်လင့်ထားသလိုမှ မကောင်းခဲ့တာ။ ဒီရှုံးပွဲအတွက် ကစားသမား တစ်ယောက်တည်း အပေါ်မှာ ကျနော်တို့ အပြစ်ပုံချရမှာ မဟုတ်ပါဘူး။ ဒါက အသင်းလိုက် စွမ်းဆောင်ရည် ညံ့ဖျင်းမှုပါ။

ပဲလေစ့်ကို ရှုံးပေမယ့် ကျွန်တော်တို့ လက်ကျန် ၃ ပွဲလုံးကို အနိုင်ကစားပြီး ၉ မှတ်ယူလို့ရပါသေးတယ်။ လာမယ့် တနင်္ဂနွေနေ့ (အာဆင်နယ်ပွဲ) မှာ အနိုင်ရအောင် လုပ်ရပါမယ်။ ဒီနေ့ပွဲကနေ သင်ယူပြီး တိုးတက်လာရမှာပါ ” လို့ မှတ်ချက်ပေးခဲ့တယ်။

တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာပဲ ဖြစ်ပါတယ်။ အဲဒီနောက် နယူးကာဆယ်ကို အိမ်ကွင်း၊ ဘရိုက်တန်ကို အဝေးကွင်းပွဲ ဆက်လက် ရင်ဆိုင်ရမှာပါ။