မော်ရင်ဟို က လွဲပြီး ဘယ် မန်ယူနည်းပြမှ စိတ်ကြိုက် ကစားသမား ခေါ်ခွင့် မရခဲ့ဘူး ဆိုတဲ့ အဲရစ်တန်ဟက်
လက်ရှိ နည်းပြ အဲရစ်တန်ဟက်ကတော့ မန်ချက်စတာ ယူနိုက်တက်မှာ မော်ရင်ဟိုကလွဲရင် ကျန်တဲ့ ယူနိုက်တက်အသင်းနည်းပြတွေဟာ သူတို့ လိုချင်တဲ့ကစားသမားတွေကို ခေါ်ယူခွင့်မရခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ်က ယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူ အဲရစ်တန်ဟက်ဟာ သူ့လက်ထက်မှာ အန်တိုနီ၊ လီဆန်ဒရို မာတီနက်ဇ်၊ မေဆင်မောင့်၊ ဟွိုင်လန်း၊ အိုနာနာတို့အပါအဝင် နာမည်ကျော်ကစားသမားတွေကို ပေါင်သန်း ၄၀၀ နီးပါး အသုံးပြုခေါ်ယူခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲရစ်တန်ဟက် လိုချင်တဲ့ ဟယ်ရီကိန်း၊ ဖရန်ကီဒီယွန်းတို့ကို ယူနိုက်တက်အသင်း မခေါ်ယူပေးနိုင်ခဲ့ပါဘူး။
ယူနိုက်တက်ကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ ကိုင်တွယ်ခဲ့သူ နာမည်ကျော်နည်းပြဟောင်း မော်ရင်ဟိုဟာ ပေါ့ဘာကို အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ခေါ်ယူခဲ့တာအပါအဝင် လူကာကူနဲ့ တခြားနာမည်ကျော် ကစားသမားတွေအတွက်လည်း ငွေကြေးအများအပြား အသုံးပြုခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့လည်း မော်ရင်ဟိုက ယူနိုက်တက်ဘုတ်အဖွဲ့ဟာ သူ့ကို အပြောင်းအရွှေ့အသုံးစရိတ်နဲ့ပတ်သက်ပြီး ရာနှုန်းပြည့်အသုံးပြုခွင့် မပေးခဲ့ဘူးလို့ မကြာခဏ အပြစ်တင်ပြောဆိုလေ့ရှိပါတယ်။
ဒါ့အပြင် မော်ရင်ဟိုက အခု အဲရစ်တန်ဟက်လိုမျိုး သူ့လက်ထက်မှာ ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့အားပေးထောက်ခံမှု မရခဲ့ဘူးလို့ ပြောဆိုခဲ့တဲ့အပေါ် အဲရစ်တန်ဟက်က ပြန်လည်ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ESPN နဲ့ အင်တာဗျူးမှာ အဲရစ်တန်ဟက်က “မော်ရင်ဟိုကလွဲရင် ကျန်တဲ့ ယူနိုက်တက်နည်းပြတွေဟာ သူတို့ လိုချင်တဲ့ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ကြပါဘူး။ ကိုယ်လိုချင်တဲ့ကစားသမားတွေကို ခေါ်ယူခွင့်ရရေးက အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ချင်တယ်ဆိုရင် အင်အားတောင့်တင်းတဲ့ လူစာရင်းရှိအောင် တည်ဆောက်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ၄-၀ ဂိုးပြတ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး အခုလောလောဆယ် အဆင့် ၈ နေရာရောက်နေတာကြောင့် လာမဲ့ရာသီ ဥရောပပြိုင်ပွဲဝင်ခွင့် အားလုံးနဲ့လွဲချော်ဖို့ရှိနေပါပြီ။
အဲရစ်တန်ဟက်ရဲ့လက်ရှိစာချုပ်သက်တမ်းက ၁ နှစ်ကျန်ရှိနေသေးပေမဲ့ ဒီရာသီမှာ ယူနိုက်တက်အသင်း ဆိုးဆိုးရွားရွား ရုန်းကန်နေရတဲ့အတွက် ယူနိုက်တက်နည်းပြအဖြစ် အဲရစ်တန်ဟက် ဆက်ရှိဖို့ မသေချာနိုင်တော့ပါဘူး။