ကျွန်တော် မပြောခဲ့ဘူးလား၊ တန်ဟက်ကို အခုပဲ ထုတ်လိုက်ပါတော့ လို့ မန်ယူအသင်းအား မိုက်ကယ်အိုဝင် တောင်းဆို

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်းဖြစ်တဲ့ မိုက်ကယ် အိုဝင်က သူ့အသင်းဟောင်း ယူနိုက်တက် အား လက်ရှိ နည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ချက်ချင်း ထုတ်ပယ်လိုက်ဖို့ ခပ်ပြတ်ပြတ်ပဲ တိုက်တွန်းလိုက်ပါတယ်။

တန်ဟက် က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ယူနိုက်တက်ကို စတင် ကိုင်တွယ်ခဲ့ရင်း ပြည်တွင်း ရှုံးထွက်ဖလားတွေမှာ ဖိုင်နယ်အဆင့်ကို (၃)ကြိမ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အမှတ်ပေးပြိုင်ပွဲအတွင်းမှာတော့ ရမှတ် ရှာဖွေနိုင်မှုက အရှေ့က နည်းပြတွေနဲ့ ယှဉ်ရင် နည်းပါးနေပါတယ်။

ယူနိုက်တက် ဒီရာသီမှာ အတော်လေး ရုန်းကန်နေရပြီး ရှုံးပွဲတွေလည်း များသထက် များပြားလာသလို အသင်းရဲ့ ခြေစွမ်းပိုင်းတွေက အားနည်းလာခဲ့ရပါတယ်။ ဒါ့အပြင် ပွဲတိုင်းလိုလို ပြိုင်ဘက်အသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု အများအပြား ခွင့်ပြုခဲ့ရပြီး ပေးဂိုးအရေအတွက်လည်း များနေခဲ့ပါတယ်။

ဒီလို အခြေအနေမှာ အသင်းပရိသတ်တွေက နည်းပြ တန်ဟက် ကို ရာထူးကနေ ထုတ်ပယ်စေချင်နေပြီး ကစားသမားဟောင်း အိုဝင်ကလည်း တန်ဟက် နဲ့ ပတ်သက်လို့ ယူနိုက်တက်ကို အခုလို အကြံပြုလာပါတယ်။

“တန်ဟက် က ယူနိုက်တက် နည်းပြရာထူးအတွက် မှန်ကန်တဲ့သူ မဟုတ်ဘူးလို့ ကျွန်တော် အချိန်အတော်ကြာက ပြောခဲ့ပြီးပါပြီ။ သူက နောက်ရာသီမှာလည်း အသင်းကို ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။”

“သူတို့မှာ ဖလားဖိုင်နယ်ပွဲတစ်ပွဲနဲ့ နောက်ရာသီ ဥရောပ ပြိုင်ပွဲတွေထဲ ဝင်ရောက်ခွင့် ရမရကို ဆုံးဖြတ်ပေးမယ့် ပွဲအနည်းငယ်သာ ရှိပါတော့တယ်။

ဒီလိုအချိန်မှာ ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်ရပါမယ်။ သူတို့ကို မန်စီးတီးက ဖိုင်နယ်မှာ အသကုန် ချေမှုန်းဖို့ ရှိနေသလို အာဆင်နယ်ကလည်း အိုးထရက်ဖို့ဒ်မှာ ဆုံးမပါလိမ့််မယ်။ နယူးကာဆယ်လည်း ဒီအတိုင်းပါပဲ။ ဘရိုက်တန်နဲ့ပွဲတောင် သိပ် မလွယ်လောက်ဘူး။ အဲ့ဒီလိုသာ ဖြစ်သွားရင်တော့ သူတို့တွေ နောက်ရာသီ ဥရောပမှာ ဘာပွဲမှ ကစားရတော့မှာ မဟုတ်ပါဘူး။”

“ဒီလို ပွဲ (၄)ပွဲလေးပဲ ကစားဖို့ ကျန်ရှိနေတော့တဲ့အချိန် အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေက တစ်ခုခုကို လုပ်ဆောင် လိုက်သင့်တယ်လို့ ကျွန်တော် တွေးမိတယ်။ တန်ဟက်ဂ် က အသင်းအတွက် ဘယ်လိုမှ မလုံလောက်တဲ့သူဆိုတာ အရမ်းသိသာနေပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။