ထုတ်ခံရတော့မယ့် ဆိုးရှား၊ စကားများကြတဲ့ ကလော့ပ် အာတီတာနဲ့ ပရီးမီးယားလိဂ် သတင်းများ
လီဗာပူးအသင်းဟာ ညက အန်းဖီးမှာ အာဆင်နယ် အသင်းကို ၄ဂိုးထိ သွင်းပြီး ဂိုးပြတ် အနိုင်ယူလိုက်ပါတယ်။ ပထမပိုင်း ပွဲချိန်တွင်းမှာ ကလော့ပ်နဲ့ အာတီတာတို့ ကွင်းဘေး စည်းနားမှာ စကားများခဲ့ကြပြီး ထိုဖြစ်ရပ်နောက်ပိုင်း လီဗာပူး အသင်းသားတွေ ပိုရုန်းကာ အားစိုက်သွားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ လက်စတာကို အဝေးကွင်းမှာ ၃-ဝ နဲ့ အနိုင်ယူခဲ့ပြီးနောက် နည်းပြ တူချယ်က သူ့အသင်းသားတွေက နိုင်ပွဲနဲ့ လုံးဝ ထိုက်တန်ပြီး ဂိုးတွေ ပိုတောင် ရခဲ့သင့်သေးတာလို့ ဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ညက ဝက်ဖို့ဒ်ကို ၄-၁ နဲ့ အရှက်တကွဲ ရှုံးပြန်တဲ့နောက် အရေးပေါ် ဘုတ်အဖွဲ့ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ ၅ နာရီ ကြာတဲ့ ထို အစည်းအဝေး အပြီးမှာ ဆိုးရှားကို ရာထူးကနေ ထုတ်ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။

စပါး အနေနဲ့ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ချ်ကို ခေါ်ယူဖို့ စီစဉ်လျက်ရှိေနေကြာင်း သိရပါတယ်။ နည်းပြသစ် ကွန်တီ အနေနဲ့ နောက်တန်းကို အားဖြည့်လိုလျက်ရှိနေပြီး ဒါရိုက်တာ ပါရာတီချီကတော့ ဒီလိုက်ချ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
လီဗာပူးအသင်းဟာ လာမယ့် ၁၂ လအတွင်း မိုဟာမက် ဆာလာအတွက် လုံးဝ ရူးလောက်တဲ့ ကမ်းလှမ်းမှုကြီးတွေ ရရင် ရောင်းချသွားနိုင်တယ်လို့ ဂလင်း ဂျွန်ဆင်က သုံးသပ်လိုက်ပါတယ်။
ရီးရဲမက်ဒရစ်အနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူသွားမှာ မဟုတ်ကြောင်း သိရပါတယ်။ ဟာလန်းကို လာမဲ့ရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၇၅ သန်းနဲ့သာခေါ်ယူနိုင်မှာဖြစ်ပြီးသူ့ကို ဥရောပထိပ်သီးအများအပြားက စိတ်ဝင်စားနေကြတာပါ။
တူရကီကလပ် ဂါလာတာစာရေးဟာ အာဆင်နယ် ကွင်းလယ်ကစားသမား အယ်နီနီ ကို ခေါ်ယူဖို့ ကြိုးပမ်းမှု အရှိန်မြှင့်လာပြီလို့ သိရပါတယ်။
ဘာစီလိုနာတိုက်စစ်မှူး အဂူရိုအနေနဲ့ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း သိရပါတယ်။ အဂူရိုအနေနဲ့ နှလုံးအခြေအနေကြောင့် ဘောလုံးဆက်ကစားဖို့ ခဲယဉ်းလျက်ရှိနေတာ ဖြစ်ပါတယ်။
ချယ်ဆီး ကြယ်ပွင့်ဟောင်း အီဒင်ဟာဇက်ဟာ လက်ရှိကလပ် ရီးရဲလ်မက်ဒရစ်မှာ မပျော်ရွှင် ဖြစ်နေကြောင်း ဘယ်လ်ဂျီယံအသင်း မန်နေဂျာ မာတီနက်ဇ်က ဖော်ထုတ်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ အက်သလက်တီကို မက်ဒရစ် ခံစစ်သမား ထရစ်ပီယာကို ခေါ်ဖို့ ကမ်းလှမ်းမှု ပြုလုပ်မှာ ဖြစ်ကြောင်း စပိန် မာကာသတင်းက ဖော်ပြပါတယ်။ အင်္ဂလန်သားဟာ နွေတုန်းကလည်း အိုးထရက်ဖို့ဒ်သို့ ရောက်လုနီးပါး ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်လာခဲ့တာပါ။