ဒီဂျောင်ကို ရဖို့ မိုက်ရူးရဲဆန်စွာနဲ့ ဘရူနို ဖာနန်ဒက်စ်ကိုပါ စတေးလိုက်ဖို့ မန်ယူ နည်းပြ တန်ဟက် စီစဉ်နေကြောင်း သတင်းထွက်လာ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ရောက်ရင် ဖရန်ကီ ဒီဂျောင်ကို ရဖို့အတွက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို အသုံးချတော့မယ့် လို့ သတင်းထွက်နေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ဂိုး သွင်းပြီး ၇ ကြိမ် ဖန်တီး ပေးထားတဲ့ ဖာနန်ဒက်စ်ဟာ လာမယ့် နွေရာသီမှာတော့ အလဲအထပ် လုပ်တဲ့ အပြောင်း အရွှေ့မျိုးနဲ့အတူ ယူနိုက်တက်နဲ့ လမ်းခွဲရဖွယ် ရှိနေပါပြီ။

ယူနိုက်တက် ပူးတွဲအသင်းပိုင်ရှင် ဖြစ်လာတဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ဒီဂျောင် ပရိသတ် တစ်ယောက်ဖြစ်နေပြီး နယ်သာလန်သားကို အိုးလ်ထရက်ဖို့ဒ်ဆီ အရောက်ခေါ်ချင်သူပါ။
ဒါကြောင့် ဘရူနို ဖာနန်ဒက်စ် ဟာ အဲဒီ အပြောင်းအရွှေ့မှာ ကြားခံပြီးသုံးမယ့် အကူပစ္စည်းတစ်ခုလို ဖြစ်နေတာပါ။ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ရဲ့ ခေါ်ဈေးက ပေါင် ၇၇.၅ သန်းလို့ သိရပါတယ်။
ဒါကြောင့် အဲဒီ ငွေ ပမာဏကို မသုံးချင်တဲ့ မန်ယူဟာ ဖာနန်ဒက်စ်နဲ့အတူ ပေါင် ၁၇ သန်း အလိုက်ပေးပြီး အလဲအထပ် လုပ်မှာဖြစ်တယ်လို့ စပိန် အခြေစိုက် သတင်းစာဖြစ်တဲ့ AS က ရေးသား ဖော်ပြပါတယ်။
နောက်ပြီး ပေါ်တူဂီသား ကိုယ်တိုင်ကလည်း ဘာကာဆီကို လိုလိုချင်ချင် နဲ့ သွားမယ့် ပုံစံမျိုးရှိနေပြီး ကက်တလန် ကလပ်နဲ့အတူ လစာလျှော့ယူတာမျိုးတွေပါ လုပ်ဖို့ အစီအစဉ် ရှိတယ်လို့လည်း စပိန်အခြေစိုက် သတင်းတချို့က ရေးသားပါတယ်။
မန်ယူအသင်းရဲ့ နယ်သာလန်သား နည်းပြဖြစ်တဲ့ အဲရစ်တန်ဟတ်ကလည်း ဒီဂျောင်လို ကစားသမားမျိုးကို လိုအပ်တယ်လို့ ထုတ်ပြောထားပြီးသားပါ။
” ဖရန်ကီဒီဂျောင်နဲ့ ကက်စ်မီရို အတွဲအဖက်ပေါ့။ သူတို့နှစ်ယောက်ဟာ တကယ်ပဲ အတွဲမိမိ ကစားနိုင်ကြ လိမ့်မယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အချိတ်အဆက်မိမိ လုပ် ပြကြလိမ့်မယ်။
လုံးဝကို သေချာတယ်။ အေဂျက်ဇ်စတိုင်လ်မျိုးသာ ကစားမယ်ဆိုရင် တကယ့်ကို ပုံစံကျတဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်။ ဒီလို ကစားသမားမျိုး လိုတာ ပေါ့ဗျာ “လို့ တန်ဟတ်က မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ရဲ့ ဒီဂျောင်နဲ့ ပတ်သက်တဲ့ မေးခွန်းကို ပြန်ဖြေခဲ့ဖူးပါတယ်။