အိုးထရက်ဖို့ဒ်လာပြီး အာဆင်နယ် ဒါဇင်ဝက်နီးပါး ဂိုးသွင်းမှာ လို့ ဘီဘီစီ ဆရာကြီးကတော့ ပြောပါပြီ

ဒီနေ့ တနင်္ဂနွေနေ့ ညမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အာဆင်နယ်အသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ဝါရင့်သုံးသပ်သူကြီး ခရစ်ဆက်တန် ကတော့ မန်ချက်စတာ ယူနိုက်တက် – အာဆင်နယ် ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ အတိတ်က ရွှေရောင်နေ့ရက်တွေ တမ်းတနေတာ ရပ်ဖို့ လိုပါပြီ။ သူတို့ ကိုယ် သူတို့ ဆာအဲလက်စ် ဖာဂူဆန် ခေတ်မှာ ရှိနေသေးသလို ဟန်ဆောင်မနေသင့်တော့ပါဘူး။

ပရီးမီးယားလိဂ်ခေတ်မှာ ကျွန်တော့် အကြိုက်ဆုံး အသင်းကတော့ ဖာဂူဆန်ရဲ့ ၁၉၉၉ ဖလား ၃လုံးရတဲ့ အသင်းပါ။ လူတိုင်းက ကျွန်တော် ယူနိုက်တက်ကို မကြိုက်ဘူး ထင်နေကြတယ်၊ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ်မှာ မြင်ဖူးသမျှထဲ အကောင်းဆုံး အသင်း တစ်သင်း ယူနိုက်တက် က ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ မဟုတ်တော့ပါဘူး။ သူတို့ မန်နေဂျာ အဲရစ်တန်ဟက်ကလည်း ရာသီကုန်ခါနီးမှာ မဟန်တော့ပါဘူး။

အာဆင်နယ်က အိုးထရက်ဖို့ဒ်မှာ သူတို့ကို အပြတ်ချေမှုန်းမယ် လို့ ကျွန်တော် ယုံကြည်မှု ရှိနေတယ်။ မေးခွန်းထုတ်စရာ တစ်ခုပဲ ရှိတာက ဂန်းနားတွေဟာ သူတို့ အကောင်းဆုံး ပုံစံ မရရင်တောင် အကုန် ဖွင့် ကစားမှာလား ဆိုတာပါပဲ။ အဲဒါဆိုရင် ဂိုးရလဒ်က ခရစ်ကတ်ပွဲလို ဂိုးတွေ တသီကြီး ဖြစ်သွားနိုင်တယ်။

ယူနိုက်တက် က ဒီပွဲမှာ ဘရူနို ဖာနန်ဒက်စ် ပြန်ပါနိုင်ဖို့ တကယ်ကို လိုအပ်ပါတယ်။ သူက fit ဖြစ်ရင်တောင် ဒီပွဲကို ကောင်းကောင်း ခံကစားပြီး ကောင်တာ တိုက်စစ်ကနေ ရသမျှ အခွင့်အရေး ယူဖို့ပဲ ရှိမှာပါ။

နောက်ပြီး အာဆင်နယ် ဒီပွဲမှာ သေရေးရှင်ရေး ဖြစ်နေလို့ နည်းနည်း ပြာနေဖို့လည်း ယူနိုက်တက်က မျှော်လင့်ရမှာပါ၊ ဒါပေမယ့် ဆန့်ကျင်ဘက်ပဲ ဖြစ်သွားမယ် ကျွန်တော် ထင်တယ်။ ဂန်းနားတွေပဲ လွယ်လွယ်ကူကူ နိုင်သွားမယ် လို့ ကျွန်တော် ထင်တယ်။

ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်ုတက် ၁-၅ အာဆင်နယ်။

ပွဲချိန်ကတော့ ဒီ တနင်္ဂနွေည ၁ဝ နာရီအချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။