မန်ယူက အာဆင်နယ်ကို ရှုံးတာ မထူးဆန်းပါဘူး၊ ဘာလို့လဲ ဆိုတော့ … ဆိုတဲ့ နည်းပြတန်ဟက်ရဲ့ ပွဲပြီး ဆင်ခြေစကား
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ထရော့ဆက်ရဲ့ သွင်းဂိုးကြောင့် အာဆင်နယ်ကို ၁-ဝ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဂန်းနားတို့ကတော့ ဒီနိုင်ပွဲကြောင့် မန်စီးတီးကို ဆက်လက် ဖိအားပေးနိုင်နေဆဲပါ။
မန်ယူ နည်းပြတန်ဟက်ကတော့ ဒီရှုံးပွဲဟာ လုံးဝ မထူးဆန်းဘဲ အကျိုးအကြောင်းတွေ ရှိတယ် ဆိုတဲ့ အကြောင်း ပွဲပြီး ဆင်ခြေစကားတွေ ဆိုခဲ့ပါတယ်။

တန်ဟက်က ” သနားဖို့တောင် ကောင်းပါတယ်။ ကျွန်တော်တို့မှာသာ အင်အားပြည့်ရှိရင် အာဆင်နယ်နဲ့ ကွာခြားချက်ကြီးမားမလား ဆိုတဲ့ မေးခွန်းကို ကျွန်တော် မဖြေနိုင်ပါဘူး”
အဓိက ကစားသမား ၇ ယောက်လောက် ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ ကျွန်တော်တို့အသင်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
ကျွန်တော်တို့က အဲဒီလို ဖြစ်နေပေမယ့် အာဆင်နယ် အသင်းမှာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မပြည့်လို့ မပါဝင်နိုင်တဲ့ ကစားသမားတစ်ယောက်ပဲရှိပါတယ်” လို့ နည်းပြ တန်ဟက်က ထောက်ပြသွားခဲ့ပါတယ်။
ယူနိုက်တက် ဘက်မှာ ဘရူနို ဖာနန်ဒက်စ် မပါနိုင်တဲ့ အပြင် ဗဟိုခံစစ်တန်းကလည်း ဒဏ်ရာ ပြသနာတွေကြောင့် ထုံးစံ အတိုင်း အီဗန်စ်၊ ကာဆီမီရို တို့ကို အားပြုခဲ့ရတာ ဖြစ်ပါတယ်။
ညက ရှုံးပွဲဟာ ယူနိုက်တက် အတွက် ဒီရာသီမှာ (၁၄) ပွဲမြောက် ပရီးမီးယားလိဂ်ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းဟာ နှစ်ပေါင်း (၃၀) အတွင်း အဆိုးရွားဆုံး ရာသီတစ်ခုကို ရောက်ရှိဖို့ ဦးတည်သွားခဲ့ပါပြီ။