မန်ချက်စတာ ယူနိုက်တက် က နည်းပြ တန်ဟက် ကို အချိန်ပေးဖို့ မျှော်လင့်နေတဲ့ ဂန္တဝင်ကြီး ရိုင်ကိန်း
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ရိုင်ကိန်းကတော့ သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်ဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် ယူနိုက်တက်က နည်းပြ တန်ဟက် ကို အချိန်ထပ်ပေးဖို့ မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် မိုရက်စ်၊ ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှား၊ တန်ဟက် စတဲ့ နည်းပြတွေကို ခေါ်ယူ ခန့်အပ်ခဲ့ပေမယ့် နည်းပြတိုင်းရဲ့ လက်ထက်တွေမှာ ပထမရာသီလောက်မှာသာ ရလဒ်ကောင်းတွေ ရရှိပြီး ဒုတိယရာသီ ရောက်ရင် ရလဒ်တွေ ကျဆင်းသွားတတ်ပါတယ်။

တန်ဟက် ရဲ့ လက်အောက်မှာလည်း မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ ကာရာဘောင်းဖလားကို ရခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၃)နေရာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ ရလဒ်တွေ ဆိုးဝါးနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နေရာ အထိ ရောက်ရှိနေပါတယ်။
ဒုတိယမြောက်ရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOS က တန်ဟက် ကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ၃ပွဲဆက် ရလဒ်တွေ ဆိုးဝါးနေပေမယ့် ယူနိုက်တက်ရဲ့ ဂန္တဝင် ရိုင်ကိန်းကတော့ ယူနိုက်တက်ဟာ တန်ဟက် ကို အချိန်အနည်းငယ် ပေးသင့်တယ်လို့ ယူဆနေပါတယ်။
Sky Sports အစီအစဉ်မှာ ရိုင်ကိန်းက – “ကျွန်တော်ကတော့ ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို အချိန်တွေ ထပ်ပေးဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်တွေ ဆိုးနေပေမယ့် တန်ဟက် က ယူနိုက်တက်ကို အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားနိုင်ပြီး ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။